သူမက နံပါတ်လေးဆယ့်သုံး။ ဤနေရာ၌ရှိသည့် တခြားသူများကဲ့သို့ သူမမှာ နာမည်မရှိပေ။ ကွေ့ပတ်နေသည့်လမ်းမတစ်လျှောက် မြင်းလှည်းကို ပိတ်ဆို့နေသည့် သစ်တော်သီးပင်များနှင့် တောရိုင်း ကျိချိုက်ဟွား ပွင့်ဖတ်များမှလွဲ၍ ဤနေရာသို့ ရောက်မလာခင်က အရာများအားလုံးကို သူမ မမှတ်မိချေ။ ထိုအရာက သူမ ကလေးဘ၀တစ်ခုလုံး၏ အမှတ်တရ ဖြစ်သည်။
ထို့နောက်တွင် လေ့ကျင့်ရေးများလုပ်ခဲ့ရပြီး ထိုလေ့ကျင့်ရေးများက သူမတို့အား အသေခံတပ်သားများဖြစ်လာစေသည်။ အသေခံတပ်သား လေ့ကျင့်ရေး၏ပြီးပြည့်စုံသောရလဒ်မှာ လူ့သဘောသဘာ၀နှင့် သေခြင်းတရားအား ကြောက်ရွံ့ခြင်းကို ဖျောက်ဖျက်ပစ်ပြီး ခွေးတစ်ကောင်ကဲ့သို့ သစ္စာတရားကိုသာ ကျန်ရှိစေသည်။
နှစ်ပေါင်းများစွာကြာပြီးသည့်နောက် သူမသည် ထိုဆေး၀ါးများကို ထိုအချိန်က သောက်ခဲ့ရခြင်းကြောင့် သူမ၏စိတ်များ ထွေပြားခဲ့ခြင်းဖြစ်လိမ့်မည်ဟု မကြာခဏတွေးမိသည်။ မဟုတ်လျှင် သူမ နှလုံးသားတစ်ခုလုံးဖြင့် ထိုလူယုတ်မာအား မည်ကဲ့သို့ ချစ်မိသွားလိမ့်မည်နည်း။
အမှန်တကယ်တွင် အခြားအသေခံတပ်သားများနှင့်နှိုင်းယှဉ်လျှင် သူမက သိသာထင်ရှားစွာ အရည်အချင်းမပြည့်မီချေ။ သူမသည် သေခြင်းတရားကို ကြောက်ရွံ့သည်။ ဆိုးဆိုးရွားရွား ကြောက်ရွံ့သည်။ ထို့ကြောင့် အသက်ရှင်သန်ရန်အတွက် ခွေးတစ်ကောင်ဖြစ်ရန်သင်ယူရခြင်းကို သူမ ဂရုမစိုက်ချေ။
**
နံပါတ်လေးဆယ့်သုံး၀င်လာသည့်အခါ ခန်းမထဲတွင် မျက်နှာများကို အမဲရောင်ပိတ်စဖြင့် ဖုံးကွယ်ထားကြသည့် သူမကဲ့သို့ အမျိုးသမီးငယ်များ ဆယ်ယောက်ထက်မနည်း ရှိနေသည်။ သူမက ၎င်းတို့ကို စွေစောင်း၍ပင်မကြည့်ဘဲ ကျော်ဖြတ်လာကာ ကျောက်ပုတီးစေ့လိုက်ကာရှေ့၌ ဒူးထောက်လိုက်ပြီး သူမမျက်လုံးများက သူမ၏ဒူးခေါင်းများ အရှေ့မှ ခြေဖဝါးတစ်စုံတွင် ကျရောက်သွားသည်။
" သခင် "
" ခွင်းတစ်ဆယ့်ခုနစ်က နေမကောင်းဘူး။ မင်းက သူ့နေရာ အစား၀င်ရမယ် "
YOU ARE READING
Spring Blooms [MM Translation]
Historical Fictionသူမတွင် နာမည်မရှိပေ။ သူမသည် လုပ်ကြံရေးအဖွဲ့အစည်းမှ ငယ်စဉ်က လူသစ်စုဆောင်းခံရသည့် လုပ်ကြံရေးသမား နံပါတ် (၄၃)ဖြစ်သည်။ တစ်နေ့၌ အဖွဲ့အစည်းခေါင်းဆောင်မှ သူမအား မစ်ရှင်တစ်ခု ပေးအပ်လာသည်။ သူမ၏ အတွင်းအားများ ချိတ်ပိတ်ခံရကာ အဖွဲ့အစည်းအား သစ္စာဖောက်ခြင်းမှ ကာ...