ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ---နယ်သာလန်မှ လေယာဥ်ဆိုက်ရောက်သည်မှာ ၁၀မိနစ်မျှ ရှိတော့မည် ။ သူငယ်ချင်း ထိုက်ထိုက်ကို စိတ်ပူ၍ ချက်ချင်းပြန်လာဖြစ်သော ခွန်းယိမ်းက မည်သူ့ကိုမျှ မဆက်သွယ်ဖြစ်လိုက် ။ သူငယ်ချင်း အရင်းခေါက်ခေါက် မြတ်သူကိုပင် မဆက်သွယ်ဖြစ် ။ ထို့ကြောင့် အေးအေးဆေးဆေးသာ ။ လေဆိပ်အတွင်း ခဏမျှ လှည့်ပတ်သွားကြည့်သည် ။ အမေရိကာနိုကော်ဖီတစ်ခွက်ကို ကိုင်ကာ လေဆိပ်အသွင်အပြင်ကို လေ့လာမိသည် ။ တကယ်တော့ အိမ်ပြန်ရေမိုးချိုးကာ ဆေးရုံသို့ ချက်ချင်းတန်းသွားသင့်သည် ။
အိမ် ။ အိမ်ဆိုတာ ခွန်းယိမ်းအတွက်တော့ ပျော်စရာ လုံးဝမရှိတဲ့ အရပ်ဒေသပင် ။ မျိုးရိုးစဥ်ဆက် ချမ်းသာတာမျိုး မဟုတ်ခဲ့တဲ့ ခွန်းယိမ်းတို့ မိသားစုကို လူတွေကတော့ အားကျသည် ။ အားကျရအောင်လည်း နေထိုင်ပြုမူရသည် ။ တကယ်တော့ ခွန်းယိမ်းတို့မိသားစု ချမ်းသာရခြင်းအကြောင်းအရင်းကို မသိကြ၍သာ ။ နောက်ကွယ်မှာတော့ " ဘယ်သူသေသေ ငတေမာပြီးရော " နေတတ်တဲ့ ဖခင်ဖြစ်သူ ဦးခွန်းသာ ၊ ဖခင် ဦးခွန်းသာပြောသမျှ တသဝေမတိမ်း လိုက်နာတတ်တဲ့ မိခင် ဒေါ်ခခသွန် ၊ ပြီးနောက် ကျွန်တော့်ကို အမုန်းကြီး မုန်းနေသည့် ညီမဖြစ်သူ ခွန်းလရိပ်သွန် ။ သူ မုန်းရသည်ကလည်း အမွေတွေ ကျွန်တော်ရသွားမည် စိုး၍ ။ ဟက်... ရယ်ရတယ်မလား ။ ဒီလိုမျိုး ဖွဲ့စည်းထားသည်က ပုံစံအမှန်ပင် ။
အိမ်အကြောင်းတွေးမိတာနှင့် ကော်ဖီခွက်ကိုင်ထားသော လက်သည် တစက်စက် တုန်၍လာသည် ။ Luggage ပေါ်တင်ထားသော လက်ကို တုန်နေသော လက်အပေါ် ဖိကိုင်ကာ စိတ်ငြိမ်အောင်ထားရသည် ။ ဆရာဝန် မှာနေကြစကားကို သတိရသည် ။ ထိုကြောင့် အတတ်နိုင်ဆုံး အသက်ရှူ မြန်နေသော စိတ်ကို လျှော့ကာ မျက်လုံးကို မှိတ်ထားလိုက်သည် ။ ပြီးနောက် မက်တပ်ရပ်ကာ လေတိုးသော ရပ်ဝန်းဘက် လှည့်ကာ လက်မ နှစ်ခုကို ဖိ၍ သွေးလှည့်ပတ်ရန် လုပ်သည် ။ မေ့သွားတာက ကော်ဖီခွက်ပင် ။ လက်မနှစ်ခုကို ထပ်၍ ဖိလိုက်ချိန်မှာ ကော်ဖီခွက်က လွတ်ကျ၍ သွားသည် ။
YOU ARE READING
ကောင်းကင်မှာ ကြယ်တွေပဲ ကြွေတတ်သလား ( Ongoing )
RomanceBL own story par ပြည့်စုံတဲ့ မိသားစုက ဆင်းသက်လာပေမယ့် မိသားစုတွင်း ပြဿနာများကြောင့် စိတ်ကျရောဂါကို ခံစားခဲ့ဖူးသော ခွန်းယိမ်းသွန် ရန်ငြိုးတစ်ခုကို ကလဲ့စားချေဖို့အတွက်နဲ့ တစ်ဘဝလုံးကို ပုံအပ်ထားခဲ့တဲ့ နေသစ်ချို သူတို့နှစ်ဦးတွေ့ဆုံမှုဟာ ရန်ငြ...