၂၀၁၃ ခုနှစ်ရဲ့ ဆောင်းဦးရက်တစ်ရက်မှစလို့ ကိုကို နှင့် ယူဂျင်း၏ ဆက်ဆံရေးက ပို၍ အဆင်ပြေလာသည်။ ကိုကိုသည် အရာရာတိုင်းမှာ ယူဂျင်းအတွက်ကိုသာ အမြဲတမ်း ဦးစားပေး ဖြည့်ဆည်းခဲ့သည့်နှယ် ယူဂျင်းသည်လည်း ကိုကို သဘောမကျမည့်အရာကို ခေါင်းမာပြီး ဂျစ်တိုက်ဖို့ တစ်ခါမှ မတွေးဖူးခဲ့ပေ။
အတန်းကြီးလာသည်နှင့်အမျှ အထက်တန်းကျောင်းသားတစ်ယောက်၏ တာဝန်တွေထဲမှာ ကျက်မှတ်စရာ သင်ခန်းစာတွေများလာသော သဘောကိုလည်း နားလည်လက်ခံနိုင်အောင် အချိန်ယူ ဖျောင်းဖျပေးခဲ့သော ကိုကိုသည် တစ်ဖက်မှာတော့ ယူဂျင်းအတွက် သီးသန့် အချိန်ဖဲ့ပေးနိုင်ရန် စာလုပ်ချိန် နှင့် အားလပ်ချိန်ကို သေချာ ခွဲခြားပေးခဲ့ရှာသည်။
မူလတန်းအရွယ်တုန်းကလိုမျိုး ကိုကိုနှင့် ကျောင်းအပြန်မှာ ညနေစောင်းတစ်ခုလုံး အတူတကွ ကုန်ဆုံးနိုင်ခြင်းမရှိတော့ပေမဲ့ ပိတ်ရက်တွေမှာ ဆုံရရုံနှင့်ပင် ရောင့်ရဲနိုင်အောင် ယူဂျင်းဘက်ကလည်းပဲ ကြိုးစားနေထိုင်ခဲ့သည်။
သည်လိုနှင့် ကိုကိုဟူသော ဖြစ်တည်မှုကလေး သူ့ဘဝထဲမှာ အခြေကျ အနည်ထိုင်ခဲ့သည်မှာလည်း ယခုနှစ်ဆိုလျှင် သုံးနှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။
တွေးကြည့်ခါမှ သုံးနှစ်ဆိုသော အချိန်ဟာ ဘယ်လောက်မှ မကြာခဲ့သလိုပင်။ ထိုအချိန်အတွင်းမှာ သူသည် အိမ်အသစ်၊ ကျောင်းအသစ်နှင့် ဘဝ အသစ်မှာ နေသားကျနေခဲ့လေပြီဖြစ်၏။ ပတ်ဝန်းကျင်အသစ်ကို ပြောင်းလာခိုက်တွင်မူ ယူဂျင်းဟာ ဘိုးဘိုးမရှိသော၊ အရင်က အဖော်ပြု ထိန်းကျောင်းပေးနေကျ အစ်ကိုအစ်မတွေ မရှိသော အိမ်ကြီးထဲမှာ တစ်ယောက်တည်း အထီးကျန်စွာ နေထိုင်ရတော့မည်ဟု ထင်မှတ်ခဲ့သည်။ ကြောက်နေခဲ့သည်။ အဲသည်တုန်းက ခံစားချက်ကို ယနေ့အထိ အမှတ်ရနေပါသေးသည်။
သို့ပေမဲ့ ထိုသို့ တစ်ယောက်တည်း ကြီးပြင်းလာရတော့မည့် ကောင်လေးတစ်ယောက်ထံသို့ အောင်မြင်ခြင်း နှင့် ကျရှုံးခြင်းကို အတူတူ ရင်ဆိုင်ပေးမည့် လူတစ်ယောက်၊ ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်း ဆိုသော ခံစားချက်တိုင်းကို မျှဝေနိုင်သော ကင်မ်ဂယူဘင်း ဆိုသည့် လူတစ်ယောက် ရောက်ရှိလာခြင်းကို ကံကောင်းခြင်းတစ်မျိုးဟု ယူဆနိုင်မည်ဆိုလျှင် ..
YOU ARE READING
Blue Diary ( Echo of My Blue )
FanfictionExtra Parts for My Blue Arranged by dalkomhan_shots