"သမီးမလုပ်နိုင်ဘူး ဒယ်ဒီ!"
"တော်စမ်း!.... နင့်ကိုငါက ကောင်းစေချင်လို့စီစဉ်ပေးနေတာကို ဘာမဟုတ်တဲ့ကောင်အတွက်နဲ့ ပြာပုံတိုးချင်မနေနဲ့!"
ညိုမီတစ်ယောက် သူမ၏ဖခင်ကြောင့် စိတ်ညစ်နေရသည်။ မလိုက်ချင်သော နယ်စပ်ဘက်ကို အတင်းမရမကခေါ်လာပြီး ဒီရောက်လာတော့လည်း ပါတီတစ်ခုမှာ နိုင်ငံခြားသားတစ်ယောက်ကို အမိဖမ်းဖို့ အမိန့်ပေးလာပြန်သည်။
သူမ မလုပ်နိုင်ပါ။ ပြီးရင်ဒီလူကို လက်ထပ်ဖို့ ဖိအားထပ်ပေးခံရဦးမည်ဆိုတာ သူမသိသည်။ သူမ မောင်ကလွဲပြီး ဘယ်ယောကျာ်းကိုမှာလည်း လက်မထပ်ချင်ပါ။ သို့ပေမဲ့ တရားမဝင်သည့်ဂိုဏ်းတစ်ခုကို အုပ်ချုပ်နေတဲ့ဖခင်ရဲ့ ဩဇာအာဏာကလည်း မသေးလှတာကြောင့် သူမ အခက်တွေ့နေရသည်။
ပြီးတော့ ဖခင်၏မိတ်ဆွေဆိုတော့ သူမဖခင်ကဲ့သို့ပဲ တရားမဝင်ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ပဲဖြစ်လိမ့်မည်ဆိုတာ သူမသိသည်။
သူမ၏ဘဝက ဖခင်နဲ့နေရတာတောင် မွန်းကြပ်ပိတ်လှောင်နေတာ ထိုသို့ခေါင်းဆောင်တစ်ယောက်ရဲ့ မယားသာဖြစ်ကြည့် သူမဆက်မတွေးရဲစရာပါပဲ။
"ဒယ်ဒီရယ် သမီးတောင်းပန်ပါတယ်..... တိုင်းတစ်ပါးသားကို သမီးမယူပါရစေနဲ့"
"တော်စမ်း! နင်ကဘာသိလို့လဲ?!.... သူက ငါတို့လောကမှာ ဩဇာအကြီးဆုံးနဲ့အထက်မြတ်ဆုံးဆိုတာကို နင်မသိဘူးလား?... နင်သာသူ့ကိုရရင် ငါ့တို့အတွက်က အေးဆေးပဲ.... ငါ့ရဲ့ဂိုဏ်းလည်း ပိုအင်အားကြီးလာမယ်... အာဏာလည်းပိုရလာမယ် ဒါ့အပြင် နောက်ဆက်တွဲစံစားခံစားရမယ့် အရာတွေမှအများကြီးပဲ... ဒီတော့နင် စိတ်ကူးမလွဲနဲ့ သူလိုရုပ်ချောပြီး အရာရာပြည့်စုံတဲ့သူကို လိုချင်တဲ့မိန်းမတွေမှ ဒုနဲ့ဒေးပဲ.... သူ့ရဲ့မိန်းမသာဖြစ်သွားလို့ကတော့ သူ့ရဲ့တစ်သက်စားမကုန်တဲ့စည်းစိမ်တွေကြားမှာ နင်ပျော်ပျော်ကြီးနေရမှာ"
"ဒယ်ဒီ သမီးအဲ့ဒါတွေစိတ်မဝင်စားဘူး"
"တောက်! နင်သေချင်နေတာလား?! ငါဒီလောက်ပြောနေတာကို"
ဖခင်ကထပြီး လက်နဲ့ရွယ်မယ်လုပ်တော့ ညိုမီမျက်လုံးကို စုံမှိတ်လိုက်မိသည်။