'ငါပြောစရာရှိတယ် အခုချက်ချင်းလာခဲ့'ဆိုတဲ့ massage လေးနဲ့အတူ ပေးပို့လာတဲ့လိပ်စာလေးအတိုင်းရောက်လာတော့ ခေတ်မှီတဲ့ဒီဇိုင်းနဲ့တူ သစ်ဆန်းလှပလှသည့် စားသောက်ဆိုင်ကြီးတစ်ဆိုင်ကို တွေ့လိုက်ရသည်။
ဆိုင်ကအပြင်ကကြည့်နေရင်တောင် တော်တော်လေးသေသပ်ပြီး စည်းကမ်းရှိလှသည်။ နောက်ပြီး ဈေးကြီးကြီးဇိမ်ခံကားများစွာလည်း ပါကင်မှာထိုးထားတာကြောင့် တော်ရုံစားသောက်ဆိုင်မဟုတ်မှန်း သူသိလိုက်ရသည်။
"ရောက်ပါပြီ သခင်လေး"
ရှေ့ခန်းက တပည့်ဖြစ်သူအသံကြောင့် စပ်စုနေတာတွေကိုရပ်လိုက်သည်။ သူ ကားထဲကနေဆင်းတော့ အသင့်လာကြိုနေတဲ့ဝန်ထမ်းတစ်ယောက်အား တွေ့လိုက်ရသည်။
"သူဋ္ဌေးပြောတဲ့ သခင်လေးထင်တယ် ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"
ထိုဝန်ထမ်းရဲ့နောက်ကို အသူ လိုက်သွားပြီး နောက်မှာလည်း ဟန်သော်က ကပ်ပါလာသည်။ သူ သွားနေတာက သီးသန့်လမ်းဖြစ်နေတာကြောင့် နည်းနည်းတော့ အထူးအဆန်းဖြစ်သွားသည်။
ဓာတ်လှေကားမှတစ်ဆင့် အပေါ်ကိုအချိန်အနည်းငယ်ကြာအောင် တက်ရပြီး စင်္ကြံလမ်းမှာလျှောက်ရသေးသည်။ အခန်းတစ်ခုရှေ့ကိုရောက်တော့
"ဒီအခန်းပါပဲ သခင်လေး"
ထိုဝန်ထမ်းက တံခါးဖွင့်ပေးလိုက်တော့ ဟန်သော့်ကိုလှည့်ကြည့်ကာ
"မင်းနေခဲ့လိုက် ဟန်သော်"
"ဖြစ်ပါ့မလားသခင်လေး"
ဟန်သော်က စိုးရိမ်သလိုမေးလာတော့ အသူ နှုတ်ခမ်းထောင့်ကို မသိမသာတွန့်လိုက်သည်။
"ဘာမဖြစ်စရာရှိလဲ သူက တစ်ခြားသူမှမဟုတ်တာ"
ဟန်သော်က သဘောပေါက်သွားတော့
"ဟုတ်ကဲ့ပါ သခင်လေး ကျွန်တော်အပြင်ကနေ စောင့်နေပါ့မယ်"
"ရတယ်မလိုဘူး မင်းတစ်ခုခုသွားစားနှင့်လိုက် ငါဒီမှာကြာဦးမှာ.. ဒီက ငါ့တပည့်ကို တစ်ခုခုစီစဉ်ပေးလိုက်ပါ"
"ဟုတ်ကဲ့ သခင်လေး သူဋ္ဌေးကလည်း မှာထားပါတယ်"
"အဟွန်း"