"အသူတရာ!"
ရင်းနှီးနေတဲ့အသံလေးတစ်ခုကြောင့် အသူ့ခြေလှမ်းတို့ရပ်သွားရသည်။
ခေါင်းမော့ကာ ကြည့်လိုက်တော့ ထိုအသုပ်ဆိုင်လေးထဲမှ သူမကထွက်လာသည်။ အမြဲတမ်းအဖြူအစိမ်းဝတ်စုံလေးတွေနဲ့ပဲ သူမကိုမြင်ခဲ့ဖူးပေမဲ့ ဒီနေ့တော့ ဒူးဖုံးလောက်ရှိတဲ့ ချည်ဂါဝန်ပန်းရောင်လေးကို ဝတ်ဆင်ထားသည်။ ဆံပင်လေးတွေကို ထုံးစံအတိုင်းကြက်တောင်စီးလေး စည်းထားသည်။
ဖြူဖွေးနေသော ခြေသလုံးဝင်းဝင်းလေးတွေကို အကြည့်ရောက်သွားတော့ အသူကပြာသယာမျက်နှာလွှဲလိုက်သည်။ သူမပုံစံက တစ်ကယ့်ကိုကလေးပေါက်စနဲ့တူနေတော့ ကြည့်ရတာအရင်နေ့တွေကထက် တစ်မျိုးဖြစ်နေသည်။
သူမက သူ့အနားကိုရောက်တော့ ပြုံးရွှင်နေသောမျက်နှာလေးဖြင့်
"နင် ဘာလာဝယ်တာလဲ?"
အသူပါးစပ်ကပြန်မဖြေပဲ လက်ထဲကဆေးဗူးထုပ်ကို မြှောက်ပြလိုက်သည်။
"နင်လည်း ဒီရပ်ကွက်မှာပဲနေတာလား?"
သူမက သူ့ကိုပြူးတူးတူးနဲ့မေးတော့ သူခေါင်းငြိမ့်ပြလိုက်သည်။ ထိုအခါသူမက ထခုန်ပြီး
"ဟယ်! ငါလည်းဒီရပ်ကွက်မှာပဲနေတာလေ ပြောင်းလာတာမကြာသေးဘူး.. ဒါနဲ့နင်တို့အိမ်ကဘယ်မှာလဲ ငါက ဒီကနေ နှစ်လမ်းကျော်မှာနေတာ"
"ငါမအားဘူး သွားတော့မယ်"
သူမမေးတာကိုမဖြေပဲ သွားမယ်လုပ်တော့
"ဟ နေပါဦး ငါမေးတာဖြေဦးလေ.. ပြီးတော့ ဘာလို့မအားရမှာလဲ စနေတင်္ဂနွေကျောင်းပိတ်ရက်ကြီးကို ကိုယ့်သူငယ်ချင်းကို လမ်းမှာတွေ့တုန်းလေး စကားတော့ပြောသင့်တာပေါ့... ကဲ ပြောနင့်အိမ်ကဘယ်မှာလဲ?"
အမြဲတမ်းတစ်ဇွတ်ထိုးလုပ်တတ်တဲ့ သူမကြောင့် တစ်ခါတစ်လေ အသူ စိတ်ညစ်မိသည်။
"ရပ်ကွက်အစွန်မှာ"
"အော် အေးပါ.... နင် တစ်ခုခုစားမလား ငါကအသုပ်စားနေတာ နင့်ကိုမြင်လို့ထွက်လာတာ"
"တော်ပြီ"
"ဟွန့်! သိပါတယ်ငြင်းမယ်ဆိုတာ ဘယ်တော့မှ တစ်ခါတည်းခေါ်လို့မရဘူး.... လာပါဟယ် ငါနင့်ကိုဝယ်ကျွေးချင်လို့ပါ ဟိုနေ့က ငါချော်လဲတော့ နင်ငါ့ကိုကူညီထားတာလေ... ကျေးဇူးတင်တဲ့အနေနဲ့တစ်ခုခုဝယ်ကျွေးချင်လို့ပါနော်"