"ကိုယ်တို့နှစ်ယောက် ဝေးခဲ့ရတာ အခုလောက်ဆို လုံလောက်ပြီထင်တယ်"
သူ့စကားအဆုံး ကျလာသောမျက်ရည်များကို လက်မဖြင့် ညင်သာစွာသုတ်ပေးသည်။ သို့သော် သူမက လက်မခံပဲ အကြမ်းပတမ်းပုတ်ချလေသည်။
"ဘာကိုလုံလောက်တာလဲ? ဝေးလက်ဆနဲ့ဆက်ဝေးလိုက်ပေါ့ .... ငါတို့တွေပြန်ဆုံဖို့ ဘာအကြောင်းပြချက်မှ မရှိတော့ပဲ .... အရာအားလုံးက အဆုံးသတ်ပြီးသား"
"အဆုံးသတ်တယ်ဆိုတာ ပြန်မဆုံနိုင်တော့တဲ့ သူတွေအတွက်ပဲ .... ကိုယ်နဲ့မင်းရဲ့အဆုံးသတ်ခြင်းက သူတို့နဲ့မတူဘူး ..... ပြီးတော့ နောက်ဆုံးအကြိမ်တွေ့ခဲ့တုန်းက မင်းရဲ့စကားတွေကို ကိုယ့်ဘက်ကအသိအမှတ်မပြုခဲ့ဘူး ... အရင်က မင်းပဲကိုယ့်ရဲ့လက်ကို ဆွဲထားပြီး ဆုတ်ကိုင်ထားခဲ့တယ် .... ဒါပေမဲ့ ကိုယ်မင်းရဲ့လက်ကို လွှတ်ချပစ်ခဲ့တယ် .... အကြောင်းက ကိုယ့်ဘက်ကနေစပြီး မင်းရဲ့လက်ကို ပြန်ဆွဲဆုတ်ကိုင်ထားချင်လို့ပဲ"
သူ့ရဲ့စကားတွေထဲ နစ်မျောချင်သလိုဖြစ်သွားရသည်။
"ဒါပေမဲ့ အချိန်တစ်ခုထိကြာမြင့်ခဲ့ပြီပဲ ... နေနိုင်တဲ့နင့်အတွက် ဘာမှမထူးဆန်းပေမဲ့ ငါက လွှတ်ချတာ ခံခဲ့ရတဲ့သူလေ ... ငါနာကျင်ရတာ ငါအသိဆုံးပါ အသူတရာ"
တစ်ကယ်လည်း နာကျင်နေတဲ့အရိပ်အယောင်တွေက သူမမျက်နှာလေးထက်မှာ ထင်ဟက်နေ၍ သူ အတော်လေးစိတ်မကောင်းဖြစ်မိသွားသည်။
"မင်းလည်း နာကျင်ရသလို ကိုယ်လည်းနာကျင်ရတာပဲ"
"သွားစမ်းပါ ငါ့ကိုယုံတမ်းစကားတွေ လာပြောမနေနဲ့!"
စွဲ တစ်ဖက်ကိုလှည့်ကာ သူ့ကိုကျောပေးလိုက်သည်။
"မင်းမယုံဘူးဆိုတာ ကိုယ်သိပါတယ် .... ဒါပေမဲ့ယုံအောင်တော့ ကိုယ်သက်သေမပြတတ်ဘူး"
"နင့်ကိုလည်းမပြခိုင်းပါဘူး ... ဒီစကားတွေလာပြောနေလို့လည်းအပိုပဲ .... နင်မလိုချင်လို့စွန့်ပစ်ထားခဲ့ပြီပဲ အခုမှဘာလို့-"
"ကိုယ်မလိုချင်လို့စွန့်ပစ်ခဲ့တာမဟုတ်ဘူး .... အခြေအနေမပေးခဲ့လို့သာ မင်းကို ရင်နာနာနဲ့လွှတ်ပေးလိုက်ရတာ .... ကိုယ့်မှာမင်းကို ရွေးချယ်ဖို့အခွင့်အရေးမရှိခဲ့ဘူး .... ကိုယ်သာ အဲ့ဒီချိန်မှာ မင်းကိုရွေးချယ်ခဲ့ရင် မင်းကိုအမြင့်တစ်နေရာမှာ ထားနိုင်မှာမဟုတ်ဘူး မင်းပဲပင်ပန်းရမှာ"