"ဘာ?! လမ်းမှာအစစ်ဆေးတွေကြောင့် လုပ်ငန်းကိုရပ်နားထားတယ် ဟုတ်လား?!"
"ဟုတ်ပါတယ် မမလေး တော်တော်လေးကို စစ်နေတာပါ ကျွန်တော်တို့ ရှေ့ကိုဘယ်လိုမှ တိုးလို့မရဘူးဖြစ်နေတယ်"
ရိုစီ စိတ်ပျက်ပျက်နဲ့ နားထင်ကိုလက်ထောက်ရင်းစဉ်းစားနေရသည်။ ဒီကိစ္စ သူမဦးဆောင်ပြီး လက်ခံထားသည့် ကိစ္စမို့ အစအဆုံးတာဝန်ယူရသည်။ တုန့်နှေးနှေးလုပ်နေတဲ့ Liam ကိုလည်း စိတ်မရှည်တာကြောင့် သူမသဘောနှင့်သူမ လက်ခံပြီး အစီအစဉ်ချလိုက်တာဖြစ်သည်။
အခု အတားအစီးတွေနဲ့ဆိုတော့ သူမလုပ်ငန်း ရှေ့မရောက်ဖြစ်နေသည်။ ဒါ့အပြင် သူမအား လုပ်ငန်းအပ်နှံထားသည့် တရုတ်သူဋ္ဌေးကလည်း အမြန်ဆုံး ဟိုကိုရောက်ချင်တယ်ဟူ၍ ပြောထားတာကြောင့် သူမ ခေါင်းကိုက်နေရသည်။
"ဒီကိစ္စဘယ်လိုဖြေရှင်းကြမှာလဲ မမလေး... ဟိုတရုတ်သူဋ္ဌေးကလည်း တစ်တွတ်တွတ်နဲ့ ကျွန်တော့်ကိုလှမ်းဖုန်းဆက်နေတယ် ပြီးတော့ မမလေးရဲ့ဖုန်းနံပါတ်ကိုလည်း တောင်းနေပါတယ်"
"မပေးနဲ့! ပေးလို့မဖြစ်ဘူးဆိုတာ ကိုအောင်ခင်လည်းသိနေတာပဲ"
"ဟုတ်ကဲ့ပါ ကျွန်တော်သိပါတယ် ဒါ့ကြောင့်လည်း ကျွန်တော် သူ့ကိုအချိန်ဆွဲထားခဲ့ပါတယ်"
"အင်း......"
အခန်းထဲက ငြိမ်သက်သွားကာ သူမ ခေါင်းမီးတောက်နေအောင် စဉ်းစားနေရတော့သည်။ Liam ဆီကိုလည်း သွားပြီးအကူအညီမတောင်းရဲပေ။ကိုယ်ကတဲ့ဇာတ် ကိုယ်နိုင်အောင်ကရမည်ဖြစ်တာကြောင့် သူမ စိတ်အိုက်နေရသည်။ ဒီကိစ္စLaimသိရင် ပြဿနာအကြီးကြီးတက်နိုင်သည်။
"ကျွန်တော်တို့ သခင်လေးကိုပြောပြလိုက်ပြီး အကူအညီတောင်းရင်ရော?"
"ဘယ်ဖြစ်မလဲ! သူက ငါလက်ခံလိုက်တာကို သိတောင် မသိသေးဘူး..... သူကအခုမှ စဉ်းစားတုန်းရှိသေးတာ... သွားပြောလိုက်ရင် အကုန်ဒုက္ခရောက်ကုန်မယ်"
"ဒါပေမဲ့ တစ်ဖက်ကလူက တော်ရုံတန်ရုံမဟုတ်ဘူးမမလေး..... တစ်ခုခုဖြစ်ရင် ကျွန်တော်တို့အတွက် ရှော့အကြီးကြီးရှိနိုင်တယ်"