"ဘာပြောစရာရှိလို့လဲမေကြီး"
"အင်း ငါ့သားသေချာနားထောင်.... အခုမေကြီးပြောမှာက ငါ့သားအတွက်ပဲ"
အသူ မိခင်ဖြစ်သူကိုလှမ်းကြည့်လိုက်တော့ သူ့အား တည်ငြိမ်စွာပဲကြည့်နေသည်။
"ဟုတ်"
"ဟိုတစ်လောက ရိုစီ့ရဲ့ဖခင် စံအိမ်ကိုလာသွားတယ်.... ငါ့သားနဲ့ရိုစီလေးကို နေရာချထားပေးချင်တယ်တဲ့"
"ဗျာ?!... ဟာ မဖြစ်နိုင်တာ"
သူ အသည်းအသန်ငြင်းမိသည်။ လက်လည်းလက်မခံနိုင်ပေ။
"ဘာကိုမဖြစ်နိုင်ရတာလဲ?.... အခုလို အရာရာမှာ ဘာမှပြောစရာမရှိအောင်ပြည့်စုံတဲ့ သူတို့ရဲ့သမီးလေးနဲ့လက်ထပ်ပေးဖို့ကမ်းလှမ်းလာတာကိုက ဘယ်လောက်များကောင်းလိုက်တဲ့ ကိစ္စတစ်ခုလဲ"
အသူ တော်တော်လေး စိတ်ညစ်သွားမိသည်။ ရိုစီဆိုတဲ့မိန်းကလေးကို ဖွားအေဖြစ်သူ အလုံးစုံသဘောကျနေခြင်းကို သူ မည်သို့်မျှမနှစ်မြို့ချေ။ ဒီအခြေအနေက သူ့ရဲ့ဘဝအတွက် အလားအလာကောင်းသော လက္ခဏာတွေမဟုတ်။ သို့ပေသည့် အရင်တုန်းကလိုတော့ ဘာပြောပြော နားထောင်ပြီး ငြိမ်နေမည့် မြေးတစ်ယောက်မဟုတ်တော့ဘူးဆိုတာတော့ မေကြီးဖြစ်သူအား သိစေချင်သည်။
"သားစိတ်မဝင်စားဘူး မေကြီး"
ယတိပြတ်ငြင်းတော့ ဒေါ်နှင်းမှုန် စိတ်ဆိုးစပြုလာသည်။
"ဘာကိုစိတ်မဝင်စားတာလဲ..... သမီးလေးက အရမ်းကို လိမ္မာပြီးထက်မြတ်တဲ့ကလေး"
"ဒါပေမဲ့ သားကတော့ မလိမ္မာတော့ဘူးဆိုတာ မေကြီးသိမှာပါ အရင်ကလို ဘာပြောပြော ခေါင်းငြိမ့်ပြီး လိုက်မလုပ်ချင်တော့ဘူး"
"ဘာ?! အသူ-အသူတရာ မင်း!-"
ဒေါ်နှင်းမှုန် မြေးဖြစ်သူ၏ မချေမငံစကားကြောင့် စကားတွေထစ်ကာ အကြီးကြီးပေါက်ကွဲနေတော့သည်။
"သား! မေကြီးကိုအဲ့လိုမပြောနဲ့လေ"
"ဘာလဲ... အမေကပါ ဒီကိစ္စကိုသဘောတူထားတာလား?"
မျက်နှာတည်သွားတဲ့သားကြောင့် မေသဲငယ် ပျာပျာသလဲငြင်းမိသည်။