ဆူရှသောမျက်ဝန်းတစ်စုံနဲ့ ဆုံတွေ့ခိုက် စွဲ ကျောက်ရုပ်တစ်ရုပ်ဖြစ်သွားတော့သည်။
သူ့ကိုကြောင်ကာ ငေးကြည့်ရင်း လက်ဖြူဖြူသွယ်သွယ်က သူမ ရှေ့သို့ကမ်းလာသည်ကိုပင် သတိမထားမိခဲ့ပေ။"ထ"
ထွက်လာသောစကားမှာ 'ထ'ဆိုသောစကားတစ်လုံးတည်းပင်။ သို့သော် ထိုအသံမှာကြည်လင်ပြတ်သားကာ နက်နဲလှ၏။
စွဲကိုယ့်ကိုယ်ပင်မယုံနိုင်ဖြစ်နေရကာ လေဟာနယ်ထဲရောက်သွားသလို ခံစားနေရသည်။
"မင်းမထတော့ဘူးလား? ခြေထောက်ကနာနေတယ်မို့လား?"
သူက အေးအေးလေးပြောလိုက်တော့ စွဲ အသိပြန်ကပ်လာသည်။
"အင်း-အင်း အရမ်းနာတယ်သိလား? သွေးတွေလည်းထွက်နေတယ် ဒီမှာ"
အမိအရပဲ အခွင့်ရေးကိုဖမ်းလိုက်ကာ သူ့ကိုပြောပြနေမိတော့သည်။ ထိုအခါသူ့မျက်ခုံးတို့က ကျုံ့သွားပြီး သူမနားကိုထိုင်ချလာသည်။
"ပြ"
"ဟင်?"
ကြောင်တောင်တောင်နဲ့ပြန်မေးလိုက်တော့
"သွေးထွက်တယ်ဆို? ဘယ်နားလဲ?"
"ဟို-ဟို ခြေထောက်မှာ ဒီမယ် အကြီးကြီးပဲ"
သူမထမိန်လေးကို အသာလှန်ပြလိုက်တော့ သွေးထွက်နေတဲ့ ဒဏ်ရာကပေါ်လာသည်။ ခြေဖနောင့်နားက ကွဲသွားသလိုဖြစ်နေတာကြောင့်
"ကျစ်"
သူက အနာကိုကြည့်ပြီး ကျစ်သပ်ကာ ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်နေသည်။
"နင်..... ဘာရှာနေတာလဲ?"
"လာထ"
သူက စွဲကိုဆွဲထူပြီး သစ်ပင်တစ်ပင်ရဲ့အမြစ်လေးတစ်ခုအနားမှာထိုင်ခိုင်းလိုက်သည်။ သူကိုယ့်ကို ကိုင်ထားတဲ့ပုံစံက ရင်ခွင်ထဲရောက်လုနီးနီးဖြစ်နေတာကြောင့် ရင်ခုန်သံတွေက မြန်ဆန်နေတော့သည်။
"ဒီမှာခဏစောင့်နေ"
"ဟင်?"
သူကပြောပြီး ထွက်သွားတော့ စွဲအူကြောင်ကြောင်နဲ့ကျန်ခဲ့သည်။
ရုတ်ရက်မထင်မှတ်ထားတဲ့အဖြစ်အပျက်ကြောင့်လည်း အရူးလို တစ်ယောက်တည်း ရင်ထဲမှာကမ္ဘာတွေပျက်နေရသည်။