Part 7

19 2 0
                                    

ကျောက်စိမ်းပင်လယ်နားသို့နီးလာလေ လေထုကပိုမိုနွေးထွေးပြီးဆားနံ့သင်းပျံ့လာလေလေပင်။
မြူ ကားပြတင်းမှခေါင်းထုတ်လိုက်တော့ လတ်ဆတ်သောလေနုအေးကမြူ့ဆံနွယ်များကိုဆွဲဖွကျီစယ်ပြီး
မျက်နှာနုနုကိုညင်သာစွာထိတွေ့သွား၏။

"ကျောက်စိမ်းပင်လယ်..........ရို့ရို့......ကျောက်စိမ်းပင်လယ်....."

ဝီရက ကျောက်စိမ်းပင်လယ်ကိုသီချင်းလုပ်ဆိုနေသည်။

ကားပေါ်မှာဝီရ၏သီချင်းသံကျယ်ကျယ်မှတစ်ပါး တိတ်ဆိတ်နေ၏။ခါတိုင်းသုံးယောက်သားခရီးထွက်ကြလျှင် ဘယ်တော့မှငြိမ်သက်နေရိုးထုံးစံမရှိ။နှစ်သက်ရာ
သီချင်းတွေကိုတစ်ယောက်တစ်ပေါက်အော်ဆိုကြမည်။
လမ်းတွင်တွေ့သမျှကိုအတူစူးစမ်းထင်မြင်ချက်ထုတ်ကြသည်။ပါလာသည့်မုန့်တွေကိုလုစားကြသည်။ဝီရက
ကားပေါ်မှာ ဆယ်လ်ဖီတဖျပ်ဖျပ်ဆွဲမည်။သူရာက
ခရီးအစီအစဉ်တွေကို အသေးစိတ်သေချာရှင်းလင်းပြနေမည်။

ခုတော့ ကားပေါ်မှာကျောက်ရုပ်လေးသုံးရုပ်ချထားသည့်အလား။ဤကား အမောင်ဝီရ၏ပယောပပါပင်။မြူက
ရေသူထီးအကြောင်းကိုပြောမပြခဲ့၍ ကိုယ်တော်ချောက
စိတ်ဆိုးတော်မူလေသည်။သူငယ်ချင်းတွေကို ဒီလောက်ကိစ္စအကြီးကြီးလျှို့ဝှက်ထားသည်ဟုဆိုကာ မခေါ်မပြောလုပ်သည်။ဝီရမှာစိတ်သာဆိုးရသော်လည်း
မြူကသူစိတ်ဆိုးတာကိုဂရုမပြုမှာ ပြန်အချော့မခံရမှာကလည်းကြောက်သေးသည်။ထို့ကြောင့် သူရာ့ကိုပါ
မင်းလည်းသူ့ကိုစကားမ​ပြောနဲ့ဟု စစ်ကူခေါ်ထား၍
သူရာ့မှာကားစထွက်ကတည်းက မြူ့ကိုစကားတစ်လုံးပြောဖို့မဆိုနှင့် တစ်ချက်လေးတောင်မကြည့်ရရှာပေ။

မုဒ္ဒ မြူ့ကိုပေးခဲ့သောခရုခွံလေးက မြူနှင့်မုဒ္ဒအကြား
ဆက်သွယ်ရေးကိရိယာလေးဖြစ်ခဲ့သည်။မြူ မုဒ္ဒကို
လွမ်းတိုင်း ခရုခွံလေးကိုဖွင့်ကြည့်မိသည်။ထိုအခါမျိုးတွင် စိမ်းလဲ့လဲ့ပင်လယ်ရောင်အလင်းသည် ပတ်ဝန်းကျင်သို့ပျံ့နှံ့သွားလျက် ထိုအလင်းရောင်ထဲတွင် မြူ့ကိုကိုကို ရေသူထီးတစ်ဉီးအသွင်ဖြင့် မြင်ရတတ်သည်။

​ကိုကို၏ဆံနွယ်နက်များက ရေထဲတွင်ဝဲဖြာနေတတ်ကာ
ဗလာကျင်းသောကိုယ်အပေါ်ပိုင်းသည် ကျောက်သလင်းလိုကြည်လင်သောအသားအရေနှင့်
ကျယ်ပြန့်သောရင်အုပ် တောင့်တင်းသောကြွက်သားများကြောင့် မြူအခါခါငေးကြည့်မိရသည်အထိ။အလင်းလဲ့လဲ့ထက်တွင်မြင်ရသောကိုကိုသည် ငွေရောင်မျက်လုံးများနှင့်မြူ့ကိုအကြည့်မလွှဲစတမ်းကြည့်ကာ
မြူပြောသမျှကို ငြိမ်သက်နားထောင်နေတတ်သည်။
တစ်ခါတစ်ရံတွင် ရေသူများအကြောင်းမေးမိသောအခါ
ကိုကို့အသံသည် ဂန္တဝင်ကဗျာတစ်ပုဒ်ကိုရွတ်သလို
ဆွတ်ပျံ့လှိုက်မောဖွယ်ကောင်းနေတတ်၏။

You've reached the end of published parts.

⏰ Last updated: Jun 03, 2024 ⏰

Add this story to your Library to get notified about new parts!

ကျောက်စိမ်းပင်လယ်မှမြူခိုးပုံပြင်Where stories live. Discover now