like rain

434 27 2
                                    

ပါရီမြို့ရဲ့ ညယံလေညင်းက အေးသွဲ့သွဲ့။

ညို့ဆွေးဆွေး ကျောက်စရစ်လမ်းကျဉ်းလေးတွေကြား
ခြေတံတွေ တကြွကြ လျှောက်နေမိတယ်။

လမ်းမကြီးတွေဘက် လူမရှင်းသေးတဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကဖေးဆိုင်တွေဆီမှ ကော်ဖီနံ့တွေဟာ
လမ်းကြားထဲထိ ကျိုကျဲကျဲ တိုးဝင်လာတာမှ သင်းခနဲ သင်းခနဲ။

ကဖင်းနံ့ကြောင့် သူ့စိတ်တွေ တက်ကြွမြူးထူးနေတာ။

မိုးဉတု အရိပ်အယောင်အဖြစ်
စိန်းမြစ်ကမ်းကို ဖြတ်တိုက်လာတဲ့ လေအေးသဲ့သဲ့ကြောင့်လည်း ဖြစ်ကောင်းဖြစ်တန်ရာ။

လမ်းဘေးဂီတဝိုင်းမှ သံစဉ်ငြိမ်ငြိမ်တွေဟာ ပေါ်လိုက် ပျောက်လိုက်ဖြင့်။

လျော့ရဲရဲဖြာကျနေတဲ့ မီးတိုင်ဝါကျင်ကျင်အနားရောက်တော့
ဘောင်းဘီအိပ်ကပ်ထဲက လက်ကျန် စီးကရက်ကို မီးညှိမိတယ်။

ဖွားခနဲထွက်သွားကြတဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စီးကရက်‌ငွေ့တွေလိုမျိုး
သူ့ရဲ့ဘဝက ဒီမြို့မှာ ပိုပြီး လွတ်လပ်သားပဲ။

ပျံ့လွင့်လာတဲ့ ဂီတလှိုင်းအချို့ကို ဖမ်းဆုပ်ဖို့ကြိုးစားရင်း
ခြေတံတွေဟာ စိန်းမြစ်ကမ်းကို လှမ်းမြင်ရတဲ့ လမ်းကျဉ်းတစ်ခုပေါ် လျှောက်နေမိ‌‌ပါရော။

ချိုရှရှ ဆွဲဆောင်မှုရှိတဲ့ Classic Guitarသံကို သူ စိတ်အဝင်စားမိဆုံးပဲ။

ညရဲ့အရသာကို ပိုလို့ ခံစားရစေပြီး အလွမ်းဓာတ်တစ်ခုကိုလည်း ဘာရယ်မသိ ရင်ဝယ်ပိုက်မိသယောင်ပဲ။

ခပ်စိပ်စိပ်ထွက်ကျလာတဲ့ ဂီတသံဟာ ပေါ့ပါးမယောင်နဲ့ ရင်ထဲ လေးနက်မှုအပြည့် သယ်‌‌ယူလာပေးနေတာ။

ဒီ သံစဉ်တွေရဲ့အစပြုရာ ဂစ်တာတီးခတ်နေတဲ့ ဆံနွယ်လှိုင်းရွှေအိုရောင် ပိုင်ရှင်ရဲ့ မျက်လုံးတွေ ..

သူ့ထံ မထင်မှတ်ဘဲကြည့်လာလေတော့
သောက်လက်စစီးကရက်ငွေ့တွေကို မှုတ်ထုတ်ရင်း ရှောင်ဖယ်မိတော့တယ်။

အကြည့်ဆုံသွားချိန်ဟာ လိပ်ပြာငယ်တစ်‌ကောင်ရဲ့အတောင်ပံခတ်လိုက်သလို ‌‌ဖျတ်ဆိုတဲ့တစ်ခဏပါပဲ .. တကယ်ခဏရယ် ..။

သူကသာ ဂစ်တာကိုင်တွယ်နေတဲ့ အနုပညာဆန်ဆန်လက်ပိုင်ရှင်ကို စိတ်ထဲမရှိဘဲ ငေးနေမိတော့တာ။

ပါရီမြို့ရဲ့ ညက တစစနဲ့ သိပ်သည်းငြိမ်ဆိတ်လာတယ်။
ဂီတသံတွေ တိုးသွားတယ်။
လမ်းမထက်က မီးဖျော့‌ဖျော့တွေကတော့ သစ္စာရှိကြတုန်းပဲ။

သန်းခေါင်ယံ ကျော်လွန်လာပြီကိုး။
ဂီတဝိုင်းကလူတွေတောင် အိမ်ပြန်လမ်းဆီ ဦးတည်သွားကြပြီ။

သူကတော့ မပြန်ချင်ဘူး။
စိန်းမြစ်ဘေးမှာပဲ အိပ်ပစ်လိုက်ချင်တယ်။
တအား ငြိမ်းချမ်းတာ။

မိုးဖွားဖွားလေးကျလာတဲ့အခါ လက်ထဲက စီးကရက်မီးဟာ အဝေးကို ပြေးထွက်သွားခဲ့ပေါ့။

ရှူးဖိနပ်ရှပ်တိုက်သံအချို့ဟာ ဖွဖွသာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဖြစ်သော်ငြား
သန်းခေါင်ယံရဲ့ တိတ်ဆိတ်မှုကို ဖျက်ဆီးပစ်လိုက်တာကြောင့်
မကျေနပ်စွာ လှည့်ကြည့်လိုက်မိပါတယ်။

ဂစ်တာပိုင်ရှင်။
ပြန်သွားခဲ့ပြီ မဟုတ်ဘူးလား။
စိန်းမြစ်ကို ကျောခိုင်းသွားခဲ့တာ သူ သေချာ မြင်ခဲ့ရဲ့လေ။

"မိုးရွာထဲ နေချင်လို့လား"

အသံက ချိုသားပဲ။
နားစည်ထဲကူးလူးလာတာများ စောစောကဂစ်တာသံစဉ်လေးတွေအတိုင်း။

ပြင်သစ်လူမျိုးမဟုတ်မှန်းသိသာတဲ့ သူ့ရဲ့မျက်နှာပေါက်ကို ကြည့်တတ်ပုံပဲ။

အင်္ဂလိပ်သံ ထွက်လာတယ်။

"မိုးရွာထဲမနေချင်ရင် ကျွန်တော်တို့ မိုးခိုကြမလား"
မြင်နေရတဲ့ တံတားအောက်ဆီ လက်ညှိုးညွှန်ရင်း။

ဘယ်အချိန်က သဘောတူလိုက်မှန်း မသိသည့်တိုင်
သူ့လက်ကောက်ဝတ်တစ်ဖက်‌‌ဆီမှာ သူစိမ်း‌ကောင်လေးရဲ့ အနွေးဓာတ်အုံ့အုံ့ကို ရရှိနေခဲ့‌ပြီး ..
ဘာရယ်မသိရတဲ့ ခံစားချက်တစ်မျှင်ဟာ သူ့ရင်တွင်းအား စိမ့်ခနဲ့ သိမ့်စေခဲ့။

A poem GreyWhere stories live. Discover now