our

96 12 0
                                    

ပါရီမြို့ထဲ လူသိနည်းလှတဲ့ဘုံဆိုင်ကအပြန် ဗြုန်းခနဲ သည်းသည်းမဲမဲ ရွာချလာတဲ့မိုး။
လက်ထဲ နူးပွသွားတဲ့စီးကရက်လိပ်ကို ဘန်ဂျမင် လွှတ်ချပစ်လိုက်တယ်။

"ပြန်မယ်"

မိုးသံထူထူဟာ ပတ်ဝန်းကျင်တစ်ခုလုံး ဖုံးလွှမ်းသွားပြီ။
နှစ်ဦးသားရဲ့ မျက်မှောင်တွေကတော့ မိုးစက်ကိုအံတုဖို့ စုကြုံ့ထားရကာ ရေစိုသွားတဲ့ဆံပင်တွေဟာ နဖူးထက် ဖရိုဖရဲ။

အယ်ဗန်က ဘန်ဂျမင့်လက်ကို လာဆွဲပြီး တစ်ခွန်း အော်ပြောလိုက်ပြန်တယ်။

"ဟာ မပြန်ဘူး .. ဟိုတယ်မှာ နေရတာထက် မိုးရွာထဲ နေရတာ ပိုကြိုက်တယ် ငါ ကြိုက်တာ လုပ်မယ်!"

နီရဲရဲ ရီဝေနေတဲ့ဘန်ဂျမင့်မျက်လုံးတွေက နွေးတေးတေး‌ ဘီယာလေးငါးခွက်ရဲ့ သက်ရောက်မှုပါပဲ။

အယ်ဗန့်ရဲ့ လက်ဖဝါးနှစ်ဖက်စလုံးကို ဘန်ဂျမင်က သူ့လက်ချောင်းတွေနဲ့ ဆုပ်ကိုင်လိုက်ပြီး မြှောက်ရမ်းလိုက်တယ်။

"ဟားဟား"

အော်ဟစ်ရယ်မောလိုက်သည့်တိုင် ဘန်ဂျမင့်အသံရှရှဟာ မိုးသံကြားထဲ တိမ်ဝင်လို့သွားရတယ်။

"ငါနဲ့ အတူတူ ကမလား အယ်ဗန်"

ရွှင်ရွှင်မြူးမြူး ခုန်ပေါက်လာတဲ့ ဘန်ဂျမင့်ရဲ့ လက်တွေက အေးစက် တုန်ရီလို့ပဲ။
နောက်တော့ အယ်ဗန်က ဘန်ဂျမင်နဲ့အတူ အလိုက်သင့် ရယ်မော လှုပ်ရှားလာတယ်။
မိုးရေအိုင်ထဲ ခြေချသံတချပ်ချပ်တွေ။
ရယ်သံ အထပ်ထပ်တွေ။

မိုးသံဟာလည်း တဖျင်းဖျင်း။
လင်းလက်နေတဲ့ မျက်လုံးတွေအချင်းချင်း ဆုံမိ တိုးမိနဲ့ ရင်ခုန်သံတွေမှာလည်း ပူလို့ နွေးလို့။

"ငါ မင်း အိမ်ကို လိုက်လို့ရလား အယ်ဗန်"

ဘန်ဂျမင်က ရယ်မြူးမြူးပဲ မေးတယ်။ ငြင်းခံလိုက်ရရင်လည်း ဘာပြဿနာမှ ရှိမယ့်ပုံမပေါ်ဘူး။

ပါရီမြို့ရဲ့ မိုးစက်တွေက အအေးကဲလာပြီ။ သို့တိုင် ဘန်ဂျမင်က မေးဖျားတွေတုန်လာတဲ့အထိ ရယ်ပြုံးနေတုန်းပဲ။

"အယ်ဗန်!"

ပါးချိုင့်ခွက်ကလေးနဲ့ သွားစွယ်ချွန်ချွန်တွေဟာ အယ်ဗန့်ရင်ထဲ မိုးပြေးဝင်ရောက်လာသလို ဖျန်းခနဲ ဖျန်းခနဲ တိုက်စားလှုပ်ခတ်လာစေပါတယ်။

A poem GreyWhere stories live. Discover now