စာနာပါ
အခန်း (၁)
"ဖေဖေ ဖေဖေ ဟင့် ဟင့်၊ မဒီ့ကို မထားခဲ့ပါနဲ့နော်၊ မဒီ့မှာ ဖေဖေ တစ်ယောက်တည်း ရှိတာလေ၊ အခု ဖေဖေ မရှိဘဲနဲ့ မဒီ ဘယ်လို နေရာမှာလဲ၊ ဘယ်သူ့ကို အားကိုးရမှာလဲ ဖေဖေ... ဟင့် ဟင့်"
အသက်မဲ့နေသည့် ဖခင်၏ အလောင်းကို ဖက်ကာ အားကိုးမဲ့တော့မယ် ဆိုသည့်အတွေးနှင့် ရှိုက်ကြီးတငင် ငိုနေသော ကောင်မလေးတစ်ယောက်။
သူမနာမည်က မဒီခင်ဖြစ်သည်။ လူမှန်းသိစ အရွယ်ကတည်းက ဒီဖခင်ကိုပဲ အားကိုးပြီး နေခဲ့ရတာ။ ယခု သူမ ဖခင် မရှိတော့ဘူးဆိုတော့ သူမ ဘယ်သူ့ကို အားကိုးပြီး နေရမှာလဲ။"အန်တီ ခိုင်... ဟင့် ဟင့် ဖေဖေ့ကို ကယ်ပါဦး"
အန်တီခိုင်ဆိုသည့် အမျိုးသမီးမှာ သူမ အသက်ငါးနှစ်လောက်က သူမ ဖေဖေ လက်ထပ်ခဲ့သည့် သူမ၏ မိထွေး ဒေါ်ခိုင်ခိုင်ဖြစ်သည်။
ဒေါ်ခိုင်ခိုင် သူမလက်ကို အားကိုးတကြီး ကိုင်လာသည့် မဒီခင်ကို ကြည့်၍ နှုတ်ခမ်းမဲ့ကာ လက်ကို ဖယ်ချလိုက်သည်။"သွားစမ်းပါ။ မျက်ရည်နဲ့ လာချူမနေနဲ့၊ နင့်အဖေက သေပြီးနေပြီ ပြန်ရှင်လာတော့မှာ မဟုတ်ဘူး၊ ကျက်သရေမရှိတဲ့ မျက်နှာနဲ့ ငိုမနေနဲ့ ၊ သွား သွား အိမ်အနောက်မှာ သွားကူလိုက်"
မိထွေးက တွန်းထုတ်လိုက်တာကြောင့် သူမ လူကြားထဲမှာ လဲကျသွားရသည်။ သူမအဖေ ရှိတုန်းက သူမကို သမီးလေးလို့ ကြင်ကြင်နာနာ ခေါ်ခဲ့သည့် မိထွေးက အခုတော့ စိတ်ရင်းအမှန်က ပြပြီ။
“မခိုင်ရယ် ကလေးမလေးကို အဲလိုမလုပ်ပါနဲ့၊ ခဏဆို သူ့အဖေနဲ့ ခွဲခွာရတော့မယ်၊ နေလို့ရတဲ့ အချိန်လေးမှာ နေပေါစေဦး၊ ပြီးတော့ မခိုင်ကလည်း နှစ်သိမ့်ပေးပါ။ ငယ်ငယ်ကတည်းက ကလေးမလေးမှာ အားကိုးစရာဆိုလို့ သူ့အဖေတစ်ယောက်တည်း ရှိတာ"
"အိုး တော်...တော်"
ဒေါ်ခိုင်ခိုင်မှာ ဟန်တောင်မဆောင် ချက်ချင်းပင် ငြင်းသည်။"မနှစ်သိမ့်ပေးနိုင်ပါဘူး၊ နားလည်တတ်တဲ့ အရွယ် သိတတ်တဲ့ အရွယ် ရောက်နေပြီပဲ နှစ်သိမ့်ပေးတော့ရော ဘာထူးမှာလဲ၊ သူ့အဖေ ရှိစဉ်တုန်းကတော့ အဖေမျက်နှာကြောင့် အောင့်အင်းပြီး ကြင်နာနေရတာ အခုတော့ မကြင်နာနိုင်တော့ပါဘူး တော်"
"ရှင့်သဘောပဲ ရှင့်သဘောပဲ "
![](https://img.wattpad.com/cover/370917166-288-k258858.jpg)