Chapter 98
November 03, 2023
Chapter 98ဖုန်းမှာ လင်းလော့ရှီး လင်းဖေးအတွက် ချန်ထားခဲ့သော ပစ္စည်းအနည်းငယ်ထဲမှ တစ်ခုဖြစ်လေသည်။ လင်းဖေးမှာ ၄င်းကို အလွန်တန်ဖိုးထားကာ ၄င်းကို နေ့တိုင်း နေရာတိုင်းသို့ သယ်သွားတတ်လေသည်။ သို့သော် ယနေ့တွင် ၄င်းကြောင့် သူက အသရေဖျက်ခံရပြီး သူ့ဖုန်းက အလုခံရကာ လွင့်ပစ်ခံရပေသည်။
လင်းလော့ချင်းပင် နားထောင်ရုံဖြင့် ဒေါသထွက်လာသည်ဟု ခံစားရ၍ ခံရသူ လင်းဖေးဆိုလျှင် စကားဆိုရန်ပင် မလိုပါချေ။ ထိုသို့ဆိုလျှင် ကျန်းရှောင်စုန့်က သူ့ကို စတင်ရိုက်လာသည့်အခါ လင်းဖေးက တိုက်ခိုက်သည်မှာ အံ့ဩစရာမရှိတော့ပါပေ။
လင်းဖေးက လင်းလော့ချင်း၏ စကားများကိုကြားပြီးနောက် သူ့အိပ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက်လေသည်။
ဖုန်းက ဘာမှမဖြစ်သော်လည်း ဖုန်းကာဗာမှ ကျောက်တစ်ခုက ကွာကျနေပြီ ဖြစ်ပေသည်။ လင်းဖေးက ၄င်းကိုကောက်ကာ လင်းလော့ချင်းကို ပြရန် ယူလိုက်လေသည်။
လင်းလော့ချင်းက ဖုန်းနှင့် ပြုတ်ကျသွားသော ကျောက်တစ်တုံးကို ကြည့်လိုက်လေသည်။ သူက လင်းဖေး၏ မျက်နှာကိုနမ်းကာ သူ့ကို နှစ်သိမ့်ပေးလိုက်လေသည်။
"ဘာမှစိတ်မပူနဲ့... ရှုရှုတို့အိမ်ပြန်ရောက်ရင် ကော်နဲ့ကူပြီးပြန်ကပ်ပေးမယ်နော်... အရင်တုန်းကလိုပဲ ဖြစ်ရမယ်လို့ ရှုရှုကတိပေးတယ်..."
လင်းဖေးက ခေါင်းညိတ်ပြလိုက်သည်။
သူက ဤကိစ္စကို လျစ်လျူရှုထားသည်မှာ ကြာပြီဖြစ်လေသည်။
ကျန်းရှောင်စုန့်က သူ့ဖုန်းကို သူ့လက်ထဲမှ လုယူကာ မြေပြင်ပေါ်သို့ ပစ်လိုက်သည့်အချိန်တွင် သူက ခေတ္တမျှ ဒေါသအလွန်ထွက်သွားသည်မှ လွဲ၍ ထို့နောက်တွင် ဖုန်းက ဘာမှမဖြစ်သည်ကို သေချာပြီးနောက် လင်းဖေးက ယခင်က တည်ငြိမ်မှုကို ပြန်ရသွားလေသည်။
ဖုန်းက အဆင်ပြေကာ ကျောက်မှာလည်း ပြန်ကပ်၍ ရပေသည်။ ဖုန်းက အဆင်ပြေနေသရွေ့ တခြားသောကိစ္စများက သူ့၏ တည်ငြိမ်မှုကို လှုပ်ခတ်ရန် မလုံလောက်ပါပေ။