အချစ်ရေ...
မင်းမရှိတဲ့ရပ်၀န်းဟာ ငါ့အတွက် နေရောင်ပျောက်တဲ့ဆောင်းညနေပါ။မင်းအချစ်နဲ့မှ ပွင့်မယ့်ငါ့မေတ္တာပန်းဟာ မင်းကျောခိုင်းရာအရပ်မှာ အားငယ်စွာညှိုးရော်ရင်း မင်းအချစ်ကို မ၀ံ့မရဲမျှော်ကိုးပါတယ်။မင်းလှည့်ပဲကြည့်ကြည့်၊ကျောပဲခိုင်းခိုင်း ငါဟာမင်းအတွက်သာ ဖြစ်တည်သူပါ။အချစ်ရေ...
မင်းငေးကြည့်ရာအရပ်မှာ ငါမရှိနိုင်တဲ့အခါ မင်းနောက်က ငါ့ခေါ်သံတွေကို သတိပြုမိလှည့်ပါ။ငါ့စကား၊ငါ့အသံ၊ငါ့အရာရာဟာ မင်းဆီကိုမှ ဦးတည်တာပါ။မင်းလက်ခံခံ၊မခံခံ ငါဟာမင်းကိုမှ အလိုရှိပါတယ်ကွယ်။အချစ်ရေ...
တိမ်တွေပြိုတဲ့အခါ မင့်လက်ဖျားကလေးတွေအေးရင် ငါ့နယ်မြေခဲတာမို့ ကျေးဇူးပြုပြီးနွေးအောင်နေပါ။ငါဆုပ်ကိုင်ခွင့်ရှိရှိ၊မရှိရှိ လက်ဖျားနုနုတွေကိုတော့ စိတ်ရင်းအထပ်ထပ်နဲ့ နွေးစေချင်ပါတယ်။အချစ်ရေ...
ငါခေါ်တယ်၊မင်းမကြားပြန်ဘူးကွယ်။ငါဟာ ညနက်ရဲ့လူမမြင်တဲ့တိမ်လိုလေလို။
မင်းဟာ နေခြည်အောက်က တစ်ပွင့်သောနေကြာပန်းပျို။အနက်ရောင်လိုငါနဲ့ အ၀ါရောင်လေးလိုမင်းရဲ့ကြားမှာ အပြာရောင်တွေမှ စွန်းထင်းရက်လေတော့ အတောမသတ်နိုင်တဲ့ပြိုလဲမှုတွေကြား မင်းကျောပြင်ကိုငေးရင်း ငါ့ကိုယ်ငါနှစ်သိမ့်ပြီး အမှန်တရားကိုနှလုံးသွင်းပါတယ်။မင်းမျက်နှာမူရာမှာငါမရှိပါ။မင်းမျက်နှာမူတာ ငါမဟုတ်ပါ။
အချစ်ရယ်...
အမှတ်မထင်လေးများ နောက်ကိုလှည့်ကြည့်မိရင်တော့လေ... မင်းတစ်မျက်နှာစာ တစ်ကမ္ဘာရေးခြယ်တဲ့ ငါ့ကိုနည်းနည်းလေးဖြစ်ဖြစ်မြင်ပေးပါကွယ်။-Mi
-myth of a daisy-