UNICODE
ဝေနှင်းကို ကားကထိုခြံရှေ့တည့်တည့်တွင်ချပေးခဲ့ကာ ခရီးဆက်ကြတယ်။ ဖွင့်ထားနေပြီးသားဖြစ်တဲ့ ခြံတံခါးကိုတွန်းဖွင့်လိုက်ကာ အိတ်ကိုအရင်ဆုံးခြံထဲထည့်ကာ ခြံတံခါးပြန်ပိတ်လိုက်တယ်။
"အိမ်ရှင်တို့....အိမ်ရှင်တို့"
ဝေနှင်းရဲ့လှမ်းအော်ခေါ်သံကြောင့် ခြံထဲတွင်ထိုင်နေသော ကောင်မလေးတစ်ယောက်ကလှည့်ကြည့်လာတယ်။ မျက်မှန်မတပ်ထားသ၍ ဘယ်သူဆိုတာမြင်ရဖို့ ခပ်ဝါးဝါးရယ်။ ထိုကောင်မလေးက အနီးနားကိုလျှောက်လာတာကြောင့် ရုပ်လုံးပေါ်ကာ မြင်ရလာတယ်။ ထိုကောင်မလေးကို မမြင်ဖူးတာကြောင့် အနည်းငယ်ထူးဆန်းနေတယ်။ သူလည်း ကိုယ့်အား စိမ်းသက်သက်အကြည့်တွေနဲ့ စူးစမ်းသလိုကြည့်လာတယ်။
"ကလေး ကျန်တဲ့သူတွေအိမ်မှာရှိလား"
ကိုယ်မေးတဲ့ မေးခွန်းကြောင့် မျက်လုံးအနည်းငယ်ပြူးကာ အံ့ဩသွားတာကိုဖြတ်ကနဲမြင်လိုက်ရတယ်။ ပြီးတော့ မျက်နှာတည်ကြီးနဲ့သာ ကိုယ့်ကိုပြန်ကြည့်လာတယ်။
"မမနှင်း!"
အိမ်ကနေ ပြေးထွက်လာသော ကောင်လေး။ လရောင်ကိုကိုပဲ။ သူ့ရဲ့ ချစ်ရပါသော မောင်လေးက သူလာနေသည်ကို တအားတွေပျော်နေပုံရတယ်။ ကိုယ့်အားပြေးဖက်သလိုနဲ့ လက်ထဲတွင် ကိုင်ထားသော ဒိုးနပ်ဘူးကို ဆွဲယူလာတယ်။
"သားကြိုက်တဲ့ ချောကလက်ပါလား"
ချစ်ဖို့တအားတွေကောင်းသော မောင်လေးက ကိုယ့်ရဲ့ မျက်စောင်းကို မြင်တော့ ကိုယ့်အားဖက်လာတယ်။
"သားက မမနှင်းကို လွမ်းနေတာ"
ဖက်လာသော သူအား ပြန်မဖက်ဖြစ်။ မျက်စောင်းနဲ့သာကြည့်လျက်ပင်။ သူမှာထားသည့် ပစ္စည်းတွေကျန်သေးလို့မဟုတ်လား။
"ကိုယ်တော်လေး ရှင်မှာထားတဲ့ပစ္စည်းတွေ မမနှင်းပါလာပါတယ်တော် အဲ့ဒါကြောင့် ဖက်နေတာလွှတ်လိုက်တော့"
ကိုယ်ပြောလိုက်တော့ လရောင်ကိုကိုသည် ပို၍ပင် တင်းကျပ်စွာဖက်လာတယ်။
"သားကအဲ့ဒါကြောင့်မဟုတ်ပါဘူး မမနှင်းကို တကယ်လွမ်းတာပါ"