Unicode
အိပ်မောကျနေဆဲဖြစ်တဲ့ ဝေနှင်းကိုမထိမိအောင် အသာအယာဖြတ်ကျော်ကာ အောက်ထပ်ကိုဆင်းဖို့ထွက်လာလိုက်တယ်။ ဝေနှင်း လာအိပ်သည်ကိုအနှောင့်ယှက်ဖြစ်သော်လည်း အောက်ကြမ်းပြင်၊ကုတင်နှစ်လုံးကြားတွင်သာ အိပ်ယာခင်းကာ အိပ်နေသောကြောင့် တော်ပါသေးတယ်လို့တွေးမိသည်။
“မောနင်းလရှန်”
ဘေးအခန်းကနေထွက်လာသော လရောင်ကိုကိုသည် လရှန်ကိုမြင်သည်နဲ့ နှုတ်ဆက်လာသည်။ လရှန် ခေါင်းသာညိတ်ပြလိုက်သည်။
“မမနှင်းရော နိုးပြီလား”
လရောင်ကိုကိုမေးခွန်းကို လရှန်ခေါင်းသာခါပြလိုက်တယ်။ သူကတော့ ပြုံးလျက်ပင် အောက်ထပ်ကို ဆင်းသွားတယ်။
“လရှန်လေး မနက်စာ စားပွဲပေါ်မှာ ထမင်းကြော်နဲ့ကြက်ဥကြော်ပြင်ပေးထားတယ်”
ဘေစင်နားရောက်လာသော လရှန်ကိုမြင်တာနဲ့ သရက်သီးလှီးနေသော ဆတ်သည် ထမင်းစားပွဲအား မေးကော့ပြတယ်။
“ပြီးရင် ဒီသရက်သီးတွေစားလို့ရတယ် မနက်ကအများကြီးကြွေနေတာတွေ့တာနဲ့ ကောက်ပြီး ချက်ချင်းကလေးတို့စားဖို့ပြင်ပေးနေတာ”
ဆတ်သည် ပြောရင်းနဲ့ လှီးထားသော သရက်သီးတွေကို ပန်းကန်သုံးခုထဲ ခွဲထည့်နေသည်။ လရှန် သွားတိုက်၊မျက်နှာသစ်ဖို့သာ ပြင်နေရင်း ဆတ်ရဲ့ လှုပ်ရှားမှုကိုကြည့်နေမိတယ်။
“ပန်းကန်ကြီးထဲကယူစားလို့ရတယ်။ စားပွဲပေါ်တင်ပေးထားမယ်။ အစ်မ ဆရာမဆီကို သရက်သီးသွားပေးလိုက်အုန်းမယ်။ တကယ်လို့လရှန်စားနေတဲ့အချိန် ဝေနှင်းရောက်လာရင် ပန်းကန်သေးက သူ့အတွက်လို့ပြောပေးပါ”
ဆတ်စကားကို လရှန်ခေါင်းညိတ်ပြလိုက်တော့ လရှန်ကိုပြုံးပြကာ ထွက်သွားဖို့ပြင်လျက် နောက်ကိုလှည့်လိုက်တော့ အံ့ဩတဲ့ မျက်နှာအနေအထားတစ်ခုနဲ့ ထို့နောက်ပြုံးလျက်ပင်။
“နိုးပြီလား ဒီမှာသရက်သီးတွေ လှီးပေးထားတယ် ဆရာမဆီသွားလိုက်အုန်းမယ်”
ဘေစင်ဘေးက မှန်ကနေတဆင့်လှမ်းကြည့်တော့ ထမင်းစားပွဲခုံတန်းတွင် ထိုင်နေသော ဝေနှင်း။ သူ့ကြည့်ရတာ အိပ်ချင်မူးတူးနဲ့ပင်။ လရှန်လည်း ကိုယ့်ကိစ္စပြီးတာနဲ့ မနက်စာ စားဖို့အတွက် ဝေနှင်းနဲ့ဝေးရာနေရာခုံတွင် နေရာယူလိုက်တယ်။ ဝေနှင်းကတော့ လရှန်ကို တစ်ချက်သာ ကြည့်လာကာ ဂရုမစိုက်ဟန်ဖြင့် သရက်သီးကိုသာ ထိုင်စားနေတယ်။