Unicode
ကလေးတွေ မေးခွန်းဟောင်း လေ့ကျင့်ထားတဲ့ အဖြေလွှာတွေစစ်နေရင်း မြင်လိုက်ရတဲ့ အမှတ်တွေကြောင့် ဆတ်အံ့ဩမှုအပြည့်ဖြင့် လရောင်ကိုကို ကိုလှမ်းကြည့်မိတယ်။ လရောင်သည် ပုစ္ဆာတွေလရှန်နဲ့အတူ တွက်နေတာကိုတွေ့ရတယ်။ လရှန်သည် စာတော်တဲ့အတွက် ဘာဖြေဖြေအမှတ်ပြည့်နေသည်ကိုတွေ့ရသော်လည်း အရင်က အောင်မှတ်လောက်သာရသော လရောင်ကိုကိုသည် နောက်ပိုင်းဖြေတိုင်းအမှတ်တွေကောင်းလာသည်။ လရောင်စိမ်းသည် ကြိုးစားသူပီပီ အမြဲလိုလိုဖြေတိုင်း ဂုဏ်ထူးနီးသည်။ လရောင်ကိုကိုရဲ့အဖြေလွှာကိုကြည့်ပြီး စိုးရိမ်စိတ်လျော့သွားပင်မယ့် တစ်ယောက်သူ ဆောင်းကမ္ဘာရဲ့အဖြေလွှာကတော့ မှင်နီအမှားခြစ်တွေပြည့်နေဆဲ။ ကျန်တဲ့လူတွေကဝောာ့ ရလဒ်ကောင်းကြသည်။
ကျောင်းဖွင့်သည်မှာ ၄လရှိနေပြီး နောက်ဆုံးစာမေးပွဲအတွက် ပြင်ဆင်ရန် ၅လသာကျန်တော့တယ်။ မနှစ်က အတန်းပညာအဆုံးထိဆက်တတ်သူနည်းသော်လည်း အောက်က အငယ်ကလေးတွေရှိနေကြတာကြောင့် အတန်းနှစ်ခုနဲ့ ပင်ပန်းရသည်။ နောက်နှစ်အတွက်လည်း အတန်းကြီးကလေးမရှိသေးတာကြောင့် ဒီနှစ်ကလေးတွေအတွက် သေချာလုပ်ပေးနိုင်သည်။ ဒီနှစ်နဲ့ဆို ဆတ်ကလေးတွေကိုထိန်းရတာ နှစ်နှစ်ထဲဝင်လာပြီ။ အတွေ့အကြုံတွေက အများကြီးပင်မယ့် တစ်ခါတလေ ဆတ်ရောက်နေရတဲ့အကြောင်းရင်းကိုမေ့နေလောက်ရအောင်ပင် ကလေးတွေနဲ့နေရတာပျော်သည်။ ဆတ်သည် စာအတော်ကြီးထဲမပါပင်မယ့် ကလေးတွေကို စာရှင်းပေး၊စာကြည့်ပေးနိုင်လောက်ထိကတော့ စာတွေရွာမပြန်သေးပေ။ အဲ့ဒါကြောင့်လည်း ဆတ်ဒီမှာ အဆင်ပြေပြေနေနိုင်နေတာပဲ။ တစ်ခါတလေ ဒီအမှတ်တရတစ်ခုလုံးကို စာအုပ်အဖြစ် သိမ်းထားဖို့ ဆန္ဒရှိမိတယ်။
“ဘယ်လိုနေလဲ ဆတ်”
မျက်နှာရှေ့တွင် မှန်ထောင်ပြလာပြီး ဆတ်ရဲ့ တုံ့ပြန်ချက်ကို မျှော်လင့်နေတဲ့မျက်နှာဖြင့်ကြည့်နေတဲ့ ဒါလီသက်ပိုင်။ ဆတ်မှန်ထဲ ခေါင်းအား ဘယ်လှည့်ညာလှည့်ကြည့်လိုက်ပြီး သဘောကျစွာခေါင်းညိတ်မိတယ်။
“ဟုတ်လှကြီးလား။ ရှင် ကျွန်မဆံပင်တိုကိုတောင် သေချာကျစ်ပေးထားတာပဲ”