Unicode
တချို့လူတွေသည် ဟန်ဆောင်ကောင်းသည်။ ကောင်းလွန်းလို့ကို မုန်းစရာကောင်းသည်။ လူတစ်ယောက်ကို ဘာမှမဖြစ်ထားသလို ပြုံးပြနိုင်သည်။ နောက်ဆုံးဖြစ်ခဲ့တဲ့အရာကို ခေါင်းထဲကမထုတ်နိုင်တာ ကိုယ်တစ်ယောက်တည်းပါလားလို့ လရှန်တွေးမိတယ်။ လရှန်ဖက်က တစ်ယောက်တည်း ဖြစ်နေမိတယ်ထင်ပါတယ်။ ကောင်းပါတယ် လရှန်အတွက်လည်း ပုံမှန်ပြန်ဖြစ်လို့ရတာပေါ့။
“အသဲပုံက သိပ်မညီသလိုပဲနော်”
“ဒီဆတ်ကတော့ ပူဇော်တာကို အသဲပုံတွေလာလုပ်နေတယ်”
“အော် ဝေနှင်းကလည်း လှလှလေးလုပ်ချင်လို့ပါ”
ခြံထဲတွင် ကလေးတွေနဲ့အတူ ဆီမီးခွက်တွေကို ပုံဖော်လျက် မီးထွန်းညှိ့နေကြတယ်။ ဝေနှင်းနဲ့ လရှန်ကတော့ ခြံထဲကခုံတွင်ထိုင်လျက်။ ဆတ်ကတော့ ခုံပေါ်တွင် မတ်တပ်ရပ်တပ်လျက် ဆီမီးခွက်တွေ ညီမညီကိုကြည့်နေသည်။ ဆတ်က အဆင်ပြေပြီဆိုမှ ကျန်တဲ့ကလေးတွေလည်း နားရတော့သည်။
“ဒါနဲ့ ကလေးတွေ အိမ်ပြန်ပြီး မကန်တော့ဘူးလား သီတင်းကျွတ်ဆိုတာ မုန့်ဖိုးပတ်တောင်းရတဲ့အချိန်ကာလပဲ”
“မမနှင်းက သူ့ကလေးတွေကြတော့တမျိုးနော် ငါ့ဆိုရင်တောင် စာအုပ်ကြီးလိုပဲရှင်းပြနေမှာ”
ဆတ်သည် ဝေနှင်းအား နှာခေါင်းရှုံ့ကာပြောလာသည်။ ဝေနှင်းကတော့ သဘောကျစွာ ပြုံးလျက်ပင် ကြည့်နေမိတယ်။
“ရှင့်ကလေးတွေက ကျွန်မလိုက်ပို့ရမှ သွားရမှာလေ…ကျောင်းပိတ်ပင်မယ့်ကျူရှင်ကြောင့်မသွားရသေးတာ။ မနက်ဖြန်သွားကန်တော့ကြမယ်လေ။ ဆရာမကိုလည်း ပြောပြလိုက်အုန်းမယ်။”
“အေး…ဒါနဲ့ လရှန် နိုင်ယာလာလည်မယ်လို့ပြောသေးလား”
ရုတ်တရက်မေးလာတဲ့ ဝေနှင်းကို လရှန်ခေါင်းသာခါပြလိုက်သည်။
“အေးလေ သူအလုပ်မအားလို့နေမှာပေါ့”
“ဘာလဲ ရန်ဖြစ်မယ့်လူမရှိလို့လား လွမ်းလို့လား”
ဆတ်ရဲ့စနောက်မှုကို ဝေနှင်း မျက်ခုံးပင့်မိတယ်။
“အဲ့မေးခွန်းနှစ်ခုလုံးကို သူ့ပိုင်ရှင်ရှေ့မှာ မဖြေရဲပါဘူး”