အချိန်ကာလတွေက ဝမ်းနည်းလွမ်းဆွတ်မှုဒဏ်ကို မကုစားနိုင်ပါ။ ၁၃နှစ်ဆိုတဲ့ကာလတစ်ခုဟာကြာရှည်သလို နာကျင်စရာတွေလည်းထွေးပွေ့သိမ်းအုပ်လျက်လည်းရှိ၏။ သားဖြစ်သူ တော်ဝင်လုလင်ဟာ ထက်မြတ်ထူးချွန်ပြီး လိမ်လိမ်မာမာနဲ့ကြီးပြင်းသော်လည်း သမီးသတင်းတွေကမကောင်း။
ခပ်ဆိုးဆိုးဖြစ်နေပြီး လူကြီးများအား ဂျစ်တိုက်တတ်တဲ့ဉာဉ့်ဆိုးလေးရနေပြီဖြစ်တဲ့သမီးအကြောင်း ဦးတော်ဝင်မြတ်သူ ခရေစေ့တွင်းကျ အားလုံးကြားသိရ၏။ ယခင်ကထက် စကားပြောနည်းလာပြီး အရယ်အပြုံးမဲ့နေကြောင်း လုပ်ချင်လိုချင်ပြီဆို ဒေါသကြီးကြီးနဲ့ တားမြစ်သူများကို အားနာမှုမရှိပြန်ပြောတတ်ကြောင်း စတာတွေ ကြားသိရတာကြောင့် ဦးမြတ်သူ ပို၍စိတ်ထိခိုက်ရလေသည်။တစ်နေ့မှ သမီးအတွက် မပူရသည့်နေ့ဆိုတာမရှိ။
နေ့တိုင်းလည်း ဒေဝီတို့လင်မယားရဲ့အတိုင်အတန်းကိုခံနေရသလို သူတို့လည်းလုံးဝမနိုင်တော့ကြောင်း တဖွဖွပြောတတ်သည်။ ကလပ်တက် အပျော်အပါးရှာနေတာမျိုးမဟုတ်ပေမဲ့ တစ်ယောက်တည်းအမြဲရန်လိုလျက် တွေ့တဲ့သူတိုင်းနှင့်ရန်ဖြစ်စကားများပြီး တိုင်တန်းစာ သတိပေးစာ ပို့ခံရသည်ကလည်း မရေမတွက်နိုင်။
ထူးထူးခြားခြားနှင့် အဆင်ပြေပြေပေါင်းသင်းတာဆိုလို့ မြန်မာကောင်လေးတစ်ယောက်သာရှိသည်ဟု သိရ၏။"ဟင်း..."
သမီးအကြောင်းတွေ အတွေးထဲရောက်လာတော့ ရင်ထဲလေးလံမောပန်းစွာ သက်ပြင်းရှည်ကြီးချမိပါတော့သည်။ ဘယ်တော့များမှ အိမ်ပြန်လာမလဲမသိ။ ဦးမြတ်သူ လိုက်သွားတိုင်း တစ်ခါမှမမြင်ရ။ ရောက်မှန်းသိပြီဆိုတာနှင့် အိမ်ပြန်မလာတော့တာဖြစ်၍ နောက်ပိုင်း မသွားဖြစ်တော့ပါ။
စိတ်ဖိစီးမှုများကြောင့် ရောဂါကတရိပ်ရိပ်အတိုးမြန်လှသည်။ ၁၃နှစ်ဆိုသည့် ကာလဖြတ်သန်းမှုတွင် ဇရာလည်းအတော်ပင်ကျလာပြီဖြစ်သလို မသေခင်လေးလည်း သမီးဖြစ်သူနှင့် ပြေလည်ချင်သေးသည်။ သားအဖတွေ ဟိုးယခင်ကလို ပျော်ပျော်ရွှင်ရွှင်အတူနေချင်သေးသော်လည်း ထိုအတွေးသည် ရေပေါ်အရုပ်ရေးသလို အရာမထင်နိုင်မှန်း ဦးမြတ်သူ ကောင်းစွာသိရှိနေခဲ့တော့သည်။

YOU ARE READING
မင်းသိခဲ့ဖို့ကောင်းတယ်
Romance"မမကိုကြည့်ရတာ အထီးကျန်ဆန်နေသလိုပဲနော်...သူဒါကိုဖုံးကွယ်ဖို့ ကြိုးစားနေတာနဲ့တူတယ်လို့ ကျွန်တော်မြင်တယ် "🦂💙