ဟိုတယ်သို့ ခြေချမိသည်နှင့် ရင်ထဲရှိန်းမြသွားသည်။ငယ်စဉ်က မိခင်နှင့်အတူ လိုက်ပါခဲ့ဖူးသော်လည်း ယခုမှပြန်လည်ခြေချမိသည်မှာ အနည်းငယ်စိမ်းသက်နေပြီး ရင်ဖိုမိတာအမှန်။ "တော်ဝင်"ဟိုတယ်ရဲ့အမြင့်ဆုံးရာထူးနှင့်သူမ အပ်စပ်နိုင်ပါ့မလား...။ပိုင်ရှင်မဲ့အခန်းလေးထဲ ယခုတော့ အသစ်ထပ်မံရောက်ရှိလာတော့လည်း ဖခင်ရဲ့ကျန်ရစ်ခဲ့တဲ့အငွေ့အသက်တွေက နွေးထွေးစွာကြိုဆိုနေသယောင်ထင်မှတ်ရလေသည်။ ဖခင်ထိုင်ရစ်ခဲ့သော အသုံးပြုခဲ့သော ပစ္စည်းများအားလုံး ထိတွေ့ကိုင်တွယ်ရင်း မျက်ရည်တို့ အိခနဲဝဲတက်သွား၏။ ကြိုးစားပမ်းစားလုပ်ကိုင်နေတတ်သည့် ဖခင်ပုံရိပ်တို့ကလည်း ဝိုးတဝါး...၊ ပစ္စည်းများအား လက်ချောင်းကလေးများဖြင့် မထိတထိကိုင်တွယ်ကြည့်မိရင်း လှိုက်ခနဲဝမ်းနည်းသွားရသည်။
ဖေဖေအသက်ရှိစဉ်ကသာ သည်အခန်းထဲ လုံမေ့ကိုမြင်လျင် ပျော်ပိုက်သွားနိုင်လောက်သည်။
အို... နောင်တမရချင်ပါဘူးဆိုမှ...စီအီးအိုရုံးခန်းထဲ လုံမေ လှည့်ပတ်ကြည့်နေရင်းမှ ဖွင့်ထားသောတံခါးအား အသိပေးခေါက်သံကြောင့် လှည့်ကြည့်မိသည်။ ဝေ့သီသောမျက်ရည်များကို အလျင်အမြန်ပုတ်ခတ်သိမ်းဆည်းပြီး ဝန်ထမ်းနှစ်ဦးအား လုံမေ မေးဆတ်ပြကာ ဝင်လာခိုင်းလိုက်သလို လုံမေလည်း ဆုံလည်ထိုင်ခုံတွင် အခန့်သားဝင်ထိုင်လိုက်၏။ သူတို့ ဘယ်သူဘယ်ဝါ ဘာတာဝန်ယူထားသလဲ လုံမေမသိ။
သို့သော် လုံမေ ခံစားသိရှိမိတာက ကြောင်တောင်ကန်းနေသည့်လူများလို မျက်စိဂနာမငြိမ်တဲ့ သူတို့၏ဟန်ပန်...။ မြင်မြင်ချင်းကို ဘဝင်ကမကျတော့ပါ။ထို့ကြောင့် မျက်နှာထက်တင်းမာသွားရတော့သည်။
"ကျွန်တော်က သူဋ္ဌေးဦးတော်ဝင်မြတ်သူရဲ့အတွင်းအရေးမှူးကိုထက်လင်းပါ ... သူကတော့ သန့်ရှင်းရေးအလုပ်သမားကိုရဲကျော်ပါခင်ဗျ ... ၊
မတော်ဝင်လုံမေပျို ရောက်လာမယ်မှန်းမသိလို့ အခန်းကိုမရှင်းထားမိလို့ တောင်းပန်ပါတယ် ""အဲ့ဒါအသာထား ... အရင်ရှင်းရမှာက ရှင်တို့မျက်လုံးတွေ ....၊ ကျွန်မ မသိလို့ ... ရှင့်တို့မျက်စိတွေက သူငယ်အိမ်စောင်းနေတာလား ပြီးတော့ ရေငတ်နေကြတာလား ၊ ဟူး... ဒီမျက်နှာပေးမျိုး ဒီပုံစံမျိုးက ဘာလဲ .. တော်ဝင်လုံမေပျိုဆိုတာ နိုုင်ငံခြားမှာကြီးပြင်းခဲ့တယ်ဆိုပြီး ဘာထင်နေကြတာလဲ ... ဟမ်... နောက် ကျွန်မအရှေ့မှာဆိုရင် စကားပြောလည်းဆင်ခြင် အကြည့်လည်းဆင်ခြင် "

BINABASA MO ANG
မင်းသိခဲ့ဖို့ကောင်းတယ်
Romance"မမကိုကြည့်ရတာ အထီးကျန်ဆန်နေသလိုပဲနော်...သူဒါကိုဖုံးကွယ်ဖို့ ကြိုးစားနေတာနဲ့တူတယ်လို့ ကျွန်တော်မြင်တယ် "🦂💙