ဒီဇင်ဘာရဲ့ဆောင်းမနက်ခင်းတစ်ခု... သစ်ရိပ်ဝါးရိပ်များဖြင့် တောရပ်တောရွာမို့ပေလားမသိ မြို့ကြီးတွေမှာထက် အချမ်းကဲသည်။
အိပ်ယာထတာနဲ့ ရှိသမျှပြတင်းပေါက်တွေဖွင့်တတ်တဲ့ငြိမ်ဦးအကျင့်ကြောင့် သစ်သားအိမ်ကလေးရဲ့ ပြတင်းပေါက်ကိုဖွင့်လိုက်တော့ ဆောင်းလေအေးကစိမ့်ခနဲ...
ဝတ်ထားတဲ့အနွေးထည်ခပ်ထူထူကို ရင်ဘတ်ဆွဲစေ့နေရင်းကတစ်ချက်တွန့်သွားရသည်... လတ်လတ် ဆတ်ဆတ်လေနုအေးကို တစ်ချက်ရှိုက်သွင်းပြီး အိမ်အောက်ဆင်းခဲ့သည်။ဒီရွာမှာရှိတဲ့ အိမ်တိုင်းနီးပါးက လှေကားသုံးလေးထစ်ပါသော ခြေတံခပ်မြင့်မြင့်ဆောက်လုပ်ထားကြခြင်းဖြစ်သည်။
ဝါးပင်နှင့်ထန်းပင်များက နေရာတကာပေါက်နေကြသဖြင့်လည်း ဝါးနှင့်ထန်းရွက်ကအိမ်တိုင်းမပါမဖြစ်..။ နှင်းမှုန်မှုန်တွေကြားက ဝိုးတဝါးမြင်နေရတဲ့ ရွာဦးစေတီကိုမှန်းဆအာရုံပြုကာ ဝတ်ပြုလိုက်သည်။
ရေအေးအေးဖြင့်မျက်နှာသစ်ပြီးတာနဲ့ အိမ်ဝိုင်းထဲမှာ လမ်းပတ်လျှောက်ရင်း ဂုဏ်တော်ပွားနေလိုက်သည်။ငယ်စဉ်ကတည်းက ဘာသာတရားကိုင်းရှိုင်းတဲ့အဖွားဖြစ်သူ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းခဲ့ရသူမို့ သူကဘာသာရေးလိုက်စားသည်။
သူလူမှန်းသိတတ်စကတည်းက အဖေနဲ့အမေရဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုတွေကြောင့် အမြဲတစေပူလောင်ငိုကျွေးနေရတဲ့သူ့ဘဝမှာ ဘုရားတရားနှင့်အဖွားကသာလျှင် စိတ်အေးချမ်းရာဖြစ်ခဲ့သည်..။
ဘွဲ့ရခါပြီးအလုပ်ဝင်ခါစနှစ် အဖွားဖြစ်သူကွယ်လွန်သွားတဲ့အချိန်မှာတော့ ထိုပူလောင်ခြင်းတွေကို သူတောင့်မခံနိုင်တော့ပေ..အလုပ်ကထွက်ပြီး သာသနာ့ဘောင်ကိုဝင်ခဲ့သည်။
သူ့စိတ်တွေတည်ငြိမ်သွားတဲ့အချိန် အရာအားလုံးလက်ခံသွားနိုင်တဲ့အချိန်ကိုရောက်ဖို့ အတော်လေးအချိန်ယူခဲ့ရသည်။
ပဉ္စင်းတက်ပြီး လူပြန်ထွက်လာတော့လည်း သူဘာလုပ်ရမှန်းမသိခဲ့...။စိတ်ဓာတ်တွေထိုးကျနေခဲ့တဲ့သူ့အနားမှာ အားပေးဖေးမခဲ့တာက မိုးသားပင်...။
YOU ARE READING
ဝလုံးလေး
Romanceဝလုံး ဝလုံး ဖိုးဝလုံး ချစ်စရာလေးဖိုးဝလုံး ချိုချိုပြုံးတဲ့ဝလုံးရယ် ~~