အချိန်အားဖြင့် ၆ နာရီထိုးပြီးခါစ... ပတ်ဝန်းကျင်တစ်ခွင်လုံးက မှုန်မှိုင်းမှိုင်းသာအလင်းရောင်ကျန်တော့သည့်အချိန်...အိမ်တိုင်းအိမ်တိုင်း လျှပ်စစ်မီးမသုံးကြတော့ပဲ မိုးချုပ်လာတာနဲ့ ဖယောင်းတိုင်များကိုသာ အသုံးပြုကာ ဘုရားကိုပူဇော်ကြသည်... အိမ်ခြံဝန်းအတွင်းသာမက ကိုယ့်အိမ်နှင့်နီးသမျှ လမ်းတစ်လျှောက်ကိုလည်း မီးထွန်းကြသည်... လရောင်ဖွေးဖွေးအောက်မှာ ကလေးငယ်တွေက မီးပုံးလှလှလေးများဆွဲကာ လမ်းထက်တွင်ပြေးလွှားဆော့ကစား နေကြသည်မှာ ကြည့်၍ပင်လှနေတော့သည်...
၆နာရီမထိုးခင် မိုးချုပ်စကတည်းက တစ်ဝိုင်းလုံးကို မီးပတ်ထွန်းနေတဲ့ဝလုံးက နံရံကတိုင်ကပ်နာရီကို တကြည့်ကြည့်... အစောကြီး မီးပူဇော်ပြီးဘုရားဝတ်ပြုပြီးလာတဲ့အမေက ဂနာမငြိမ်တဲ့သူ့ကို မျက်မှောင်ကုတ်ကြည့်သည်...
"အမေ့.."
"ဘာတုန်း.."
"ကန်တော့မလို့လေ..."
"မနက်ကတစ်ခါကန်တော့ပြီးပြီလေ.."
"အခုကပြန်ကန်တော့မှာလေ.."
ပြောပြောဆိုဆိုနဲ့ အခုထိမဖောက်ရသေးတဲ့ မုန့်ခြင်းကြီးကိုယူလာကာ ဘုရားစင်ရှေ့တင်ပလ္လင်ခွေထိုင်နေတဲ့အမေ့နား ချထားလိုက်သည်... ပြီးတော့အမေဈေးကဝယ်လာတဲ့ နဂါးမောက်သီးနဲ့ဖရဲသီးကြီးပါ ချထားလိုက်ကာ ကျကျနနနေရာယူလိုက်သည်..
"ဟင် ဒီအသီးတွေက ငါဝယ်လာတာတွေမလား.."
"ဟုတ်တယ်လေ သားဝယ်ထားတဲ့မုန့်ခြင်းနဲ့ဆေးခြင်းပဲဆို နည်းနေလို့.."
"အမလေးနော်..."
အမေ့ကို သွားဖြီးလေးနဲ့ရယ်ပြရင်း ထိခြင်းငါးပါးနှင့်သေချာကန်တော့လိုက်သည်... မျက်စိရှေ့က သားငယ်ကိုကြည့်ရင်း ဝဲတက်လာတဲ့မျက်ရည်စတွေကို သားမမြင်အောင် ပုတ်ခတ်သိမ်းဆည်းလိုက်ရသည်..
"အမေ့အပေါ်မှာ ကာယကံ ဝစီကံ မနောကံ ကံသုံးပါးထဲက တစ်ပါးပါးနဲ့ ပြစ်မှားမိတာရှိရင် ခွင့်လွှတ်ပါအမေ..."
"ငါလည်းဆုကမနက်ကပေးပြီးပြီ..."
"မုန့်ဖိုးလေ ဟီးဟီး"
YOU ARE READING
ဝလုံးလေး
Romanceဝလုံး ဝလုံး ဖိုးဝလုံး ချစ်စရာလေးဖိုးဝလုံး ချိုချိုပြုံးတဲ့ဝလုံးရယ် ~~