အခန်း(၁၀) မုန်တိုင်း

8 1 0
                                    

*အခန်း(၁၀) မုန်တိုင်း

ရှောင်ဂေဟာ၏ ဧည့်ခန်းထဲတွင် ရသေ့ကြီး၊ လူလည်အဖိုးအိုနှင့် ရှောင်ပိုင်ချွမ်းတို့သုံးယောက် စကားတီးတိုး ပြောနေကြသည်။ အများဆုံးပြောနေသူမှာ လူလည်အဖိုးအိုဖြစ်သည်။ ရသေ့ကြီးနှင့် ရှောင်ပိုင်ချွမ်းက နားထောင်ရုံသာ နားထောင်နေကြသည်။ နားမလည်သည်ကို တစ်ခါတစ်ရံ မေးသည်။

လူလည်အဖိုးအိုက ကွမ်ကျိုးစားတော်ဆက် အဖြစ်အပျက်ကို အသေးစိတ် ပြောပြနေခြင်းဖြစ်သည်။
       
အခင်းဖြစ်ပွားချိန်က လူလည်အဖိုးအိုသည်လည်း စားတော်ဆက်တွင် ရှိနေခဲ့၏။ အဖြစ်အပျက် အစအဆုံးကိုလည်း စောင့်ကြည့်နေခဲ့သည်။ အ​ခင်းဖြစ်ပွားပြီးနောက် စားတော်ဆက် ပြတင်းပေါက်မှ နောက်ဆုံးခုန်ထွက်လာခဲ့သူမှာ လူလည်အဖိုးအိုပင် ဖြစ်သည်။

ရှောင်ပိုင်ချွမ်းက မကျေမနပ်ဖြင့် လူလည်အဖိုးအိုကို မေးခွန်းထုတ်သည်။

“အဘကျိုးက  ဆိုင်ဝန်ထမ်းတွေကို ဘာဖြစ်လို့ မကူညီခဲ့တာလဲ။ သူတို့တွေ အသတ်ခံနေကြတာကို ဘာလို့ ဒီအတိုင်း ကြည့်နေခဲ့တာလဲဗျာ”

လူလည်အဖိုးအိုက ရှောင်ပိုင်ချွမ်း၏ လူ့အသက်ကို တန်ဖိုးထားစိတ်ကို သဘောကျလျက် ပြုံးပြီးပြောပြသည်။

“သာမန် ရမ်းကားမှုဆိုရင် ငါလည်း ဘယ်ကြည့်နေပါ့မလဲကွာ။ ခုအဖြစ်အပျက်က ငါ ဝင်ကူလည်း ပြေလည်ဖို့ မရှိဘူး။ ဒီအဖြစ်အပျက်ရဲ့နောက်ကွယ်က အကြောင်းအရာတွေကို မြင်အောင်ကြည့်ရမယ်။ မျက်စိရှေ့မှာ ဖြစ်နေတာတစ်ခုတည်းကိုပဲ မကြည့်ရဘူး။ ဘယ်ပြဿနာမဆို မျက်စိရှေ့မှာ မြင်ရတာတစ်ခုတည်းကြည့်ပြီး ဖြေရှင်းလို့မရဘူး”

ရသေ့ကြီးကလည်း ဝင်ပြောလာသည်။

“အင်္ကျီအနက်၊ ဘောင်းဘီအနီ၊ ခါးစည်းအစိမ်း၊ ဓားကောက်ကိုင်၊ အင်္ကျီရင်ဘတ်မှာ အနီ​​ရောင်ကျီးကန်းပုံပါတဲ့ အဲဒီလေးယောက်က ​​သွေးကျီးကန်း​တွေ မဟုတ်ဘူးလား။ ဒီလူ​တွေ ခြေလှမ်းကျဲလှချည်လား။ နယ်စပ်ဒေသကနေ ကွမ်ကျိုးအထိတောင် ရောက်လာကြတာဟာ တော်ရုံကိစ္စတော့ မဟုတ်လောက်ဘူး”

ETERNAL LIFE ETERNAL LOVE(first life)Tempat cerita menjadi hidup. Temukan sekarang