လူတွေက အချစ်ဦးကို အချစ်ဆုံးပဲလို့ ထင်တယ်။ တကယ်တော့ အချစ်ဦးနဲ့ အချစ် ရူးခဲ့ကြတာ။ ကိုယ့်ဘဝမှာ ပထမဦးဆုံး သူစိမ်းတစ်ယောက်ကို ချစ်မိတာလေ။ အဲဒါဟာ ပုံစံမျိုးစုံနဲ့တော့ ဖြစ်နိုင်တယ်။ ဆန့်ကျင်ဘက်လိင်ကို ဖြစ်ဖြစ်၊ လိင်တူ ဖြစ်ဖြစ်၊ သူငယ်ချင်းကို ဖြစ်ဖြစ်၊ အခြားတစ်ယောက်ကို ဖြစ်ဖြစ်၊ သူများရဲ့ ရည်းစားဟောင်းကို ဖြစ်ဖြစ်ပေါ့။ အနားမှာ ရှိချင်တာ၊ မျက်နှာလေး မြင်ချင်တာ၊ မတွေ့ရ မနေနိုင်တာနဲ့ကို အချစ်လို့ သတ်မှတ်လိုက်ကြတယ်။ သေချာတာတော့ အများစုက အချစ်ဦးကို စိတ်ခံစားချက်နဲ့ ရုပ်ရည်ကိုလောက် ဦးစားပေးပြီး ရွေးချယ်ခဲ့ကြမှာ။ ဦးနှောက်နဲ့ထက် နှလုံးသားနဲ့ပဲ ဆုံးဖြတ်ဖြစ်ခဲ့တာ။ အဲဒါကြောင့်လည်း အချစ်ဦးနဲ့ လွဲနိုင်ခြေက ရာခိုင်နှုန်း ပိုများတာလေ။ Right Person ဖြစ်နိုင်ရင်တောင် Wrong Time ဖြစ်နေတာကိုး။
လူတွေက ပထမဆုံး ရည်းစားလေးနဲ့ဆို အရမ်း ရင်ခုန်မိမယ်။ မထိရဲ မကိုင်ရဲတာလည်း ပါသလို မထိရက် မကိုင်ရက်လေး။ တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ်လို့ အပြန်အလှန် စာပို့ကြတာ ရက် ၃၀လောက် ရှိပြီးရင်ကို တစ်သက်လုံး မြဲမှာပဲလို့ တွေးလိုက်မိတယ်။
ပြီးရင်တော့ တစ်သက်လုံးဆိုတဲ့ စကားလုံးကို ကြောက်မိမယ်။
***
အခုချိန်မှာ Faye က single ဆိုပေမယ့် ရည်းစားမထားဖူးတာတော့ မဟုတ်။ အတည်တကျ ရည်းစားထားဖူးသလို သူငယ်ချင်းမက ရည်းစားမကျ ၃-၄ယောက်လောက်လည်း ရှိမယ်။
ကျွန်မ ပြောတယ်လေ။ ကျွန်မက လူတွေကို သိပ်မခင်တတ်ဘူးလို့။ ခင်မိသွားရင်လည်း သံယောဇဥ်တွေ တိုးရင်း ခံစားချက်က နောက်က လိုက်လာရောလေ။ ပြီးတော့ ကျွန်မက တစ်ဦးတည်းသော မို့လို့ ကိုယ်က ဂရုစိုက်ခံချင်သလို တစ်ဖက်လူအပေါ်ကို ဂရုစိုက်ပေးတတ်တာကြောင့် ... အဲလူနဲ့ ကိုယ် အပေးအယူ မျှသွားရင်တော့ comfort zone ဖြစ်လာတာပဲ။ အများအမြင်မှာတော့ ရှုပ်တယ် ထင်မလား မသိ။
အဲဒါ ထားပါ။
အကြောင်းအရာက ... ကျွန်မရဲ့ အချစ်ဦးက သူများရဲ့ ရည်းစားဟောင်း ဖြစ်ခဲ့သလို၊ တခြား ရည်းစားဟောင်းတွေနဲ့တော့ ကျွန်မက သူတို့ အချစ်ဦး ဖြစ်ခဲ့တာပဲ။ အဲလိုဆို နည်းနည်းများ ရှုပ်သွားလား။