Yoko's POV
ဒါ ပထမဆုံးအကြိမ် P'Faye တိုက်ခန်းကို ရောက်ဖူးခြင်းပဲ။ တကယ်ဆို အိမ်ကနေ ကော်ဖီဆိုင်ကို လမ်းလျှောက်ထွက်လာလို့ ရတဲ့အထိ နီးနီးလေးကို အိမ်ပြန်မရောက်ဘဲ P'Faye အိမ်ကို ရောက်လာတာမို့ Yoko စိတ်လှုပ်ရှားမိတာတော့ တကယ်။
P'Faye က အိမ်ခန်းတံခါးကို ဖွင့်ပြီး အရင် ဝင်သွားတယ်။ ပြီးခါမှ Yoko ကို လှည့်ကြည့်ပြီး စကားပြောလာတယ်။
"ဖိနပ်ကို အဲမှာ ချွတ်လိုက်နော်"
"ဟုတ်"အခန်းမီး ဖွင့်လိုက်တော့ အိမ်ခန်းတစ်ခန်းလုံးက အဝါဖျော့ဖျော့ လင်းထိန်သွားတော့တယ်။ နံရံနဲ့ ကြမ်းခင်းက ပြောင်လတ်နေပေမယ့် ဧည့်ခန်းမရဲ့ စားပွဲပေါ်မှာတော့ ရေးပြီးသား စာရွက်တချို့နဲ့ စာရွက်အလွတ်တွေရယ်၊ ခဲတံ ခဲဖျက်တွေရယ်၊ အားသွင်းကြိုး အစုံအလင်ရယ် ရှုပ်ပွလို့။ အခန်းထဲကို လုံးလုံးလျားလျား ရောက်သွားချိန်မှာ လီမွန် အမွှေးနံ့က သိပ်မပြင်းဘဲ ခပ်သင်းသင်းလေး။ Yoko သိလိုက်တာက P'Faye က သူ အလုပ်လုပ်တဲ့ နေရာက မသပ်ရပ်နေပေမယ့် အသန့်ကြိုက်တဲ့ လူ ဆိုတာပဲ။ ဖိနပ်စင်ကအစ ညီညီညာညာလေး။
မွေးနေ့ညနေခင်းမှာထဲက ကိုယ့်စိတ်ကို သံသယ ဖြစ်ခဲ့တဲ့အပေါ် အတွေးတွေ လွန်မိလို့ P'Faye နဲ့ ရက်အနည်းငယ်လောက် မတွေ့ဘဲ ရှောင်နေခဲ့ပေမယ့် ... တကယ်တမ်း ပြန်တွေ့တော့ ဝေးရမယ့် အဖြစ်ကို တွေးမိပြီး မခံစားနိုင်လို့ Yoko အရဲစွန့် ပြောခဲ့တာ။ ကိုယ့်စိတ် ကိုယ်လည်း ဘာမှန်း မသိလို့ အတိအကျ မဟုတ်ရင်တောင် ဒီတိုင်း ခံစားချက်ကို ဖွင့်ပြောခဲ့တာ။ ဘာအဖြေမှ ပြန်မရပေမယ့် နောက်ဆက်တွဲက ထင်သလိုလည်း မဆိုးပါဘူး။
***
Flashback
"P'Faye ... အဲညက ... နည်းနည်းတော့ ကြောင်ပေမယ့် ... Yoko .."
"..."
"ကိစ္စတွေကို ရှုပ်ထွေးအောင် လုပ်မိလို့ တောင်းပန်ပါတယ်"
"မဟုတ်တာ ... အဲဒါကို စိတ်ထဲ မထားဖို့ ပြောပြီးပြီပဲ"
"ပြီးတော့ Yoko အစ်မအပေါ် ခံစားချက် ရှိနေတယ် ထင်တယ်"
"..."
"အစ်မ စိတ်ဆိုးလား"
"မဆိုးပါဘူး"Faye's POV
စိတ်ဆိုးစရာမှ မဟုတ်တာ။ ဒါပေမယ့် ကျွန်မ ဘာဆက်ပြောရမလဲ။