အခန်း ၉
နေ့လည် နေ့ခင်း ခဏနားနေခိုက် ကျော်ဇေယျာလင်းက အတင်းမရမကခေါ်လို့ မျက်ဝန်းညို တစ်ယောက်တော့ဖြင့် ကော်ဖီဆိုင်လေးကို ရောက်လို့နေလေတယ်။ အရေးတကြီးတိုင်ပင်စရာ ရှိနေလို့ဟုသာ ပြောလေတာမို့ ဖေဖေ့ကို ပြောကာ လိုက်ခဲ့ရလေတယ်။
'' အရေးကြီးတဲ့ ကိစ္စဆိုတာ ပြောအုံးလေ ကျော်ဇေယျာလင်းရယ် အညိုမအားဘူးဆိုတာ သိရဲ့သားနဲ့ နင့်ကိစ္စချည်းပဲ ။ ''
'' ခဏလေးနေပါအုံးဟာ အရေးကြီးတဲ့ လူတစ်ယောက်နဲ့ မိတ်ဆက်ပေးစရာရှိလို့ပါ ။ ''
'' ဟွန်....ဘယ်လောက်ထိ အရေးကြီးတဲ့သူမို့လို အညို့ကို မိတ်ဆက်ပေးမယ်ပြောတာလဲ ။ ပြီးတော့ အညို့ အလုပ်တွေထက်ပဲ သူက အရေးကြီးသလား ကျော်ဇေယျာလင်း ။ ''
'' မျက်ဝန်းညိုရယ် ခဏလေးပဲကို နင်ကလည်း ။ အဲ့လောက်ကြီးစူမနေနဲ့လေ အလှတရားတွေပျက်ကုန်မှာဖြင့် ။ ''
'' အို.... ပျက်ပါစေတော် နှုတ်ခမ်းတော့ မစူပဲ မနေနိုင်တော့ဘူးရယ် ။ အို.... ဘယ်သူတုန်း အညို့ မျက်လုံးကို လက်နဲ့အုပ်လိုက်တာ ။ ''
အညိုထိုသို့ဆိုလိုက်တော့ အရှေ့က ကျော်ဇေယျာလင်းရဲ့ရယ်သံနဲ့ထပ်တူ အမျိုးသမီးတစ်ယောက်ရဲ့ ရယ်သံပါ ထပ်၍ ကြားရလေတယ် ။
'' နင်မှန်းကြည့်လေ မျက်ဝန်းညို.... ။ ''
'' အို....အညိုတော့ဖြင့် အသံတော့ကြားဖူးပါရဲ့ ။ ဆု ဆိုရင်တော့ဖြင့် အညို ပျော်မိလိမ့်မယ် ။ ''
ထိုအခါမှ အညို့မျက်လုံးတွေ ပိတ်ထားတဲ့ လက်နှစ်ဖက်ကို ဖယ်လိုက်လေတယ် ။ ချက်ခြင်းပင် အညိုမော့ကြည့်လိုက်သည် ။ တကယ်ပဲ အညို့ရဲ့ ငယ်သူငယ်ချင်း ဒေါက်တာ မြတ်ဆုဆုအောင် ဖြစ်နေလေတယ်။
'' အညိုရယ်.... အဲ့လောက်ထိ တော်ရလား ။ ''
'' အညိုပဲလေ တော်ရမှာပေါ့ ဆုရဲ့ ဟင်းဟင်း ။ ''
'' ဘယ်လိုလဲ ငါပြောတဲ့ အရေးကြီးတဲ့မိတ်ဆွေဆိုတာလေ ။ ''
'' ဟင်းဟင်း...ဟုတ်ပါရဲ့ ဒါပေမဲ့ နင်ပြောတာမှားနေသေးတယ် ကျော်ဇေယျာလင်းရဲ့ ။ ''