"ကိုယ့်ကို ကားလ်လို့ခေါ်။"
"တ-တစ်စိတ်လောက်?"
အယ်လီနာတစ်ယောက် အရူးတစ်ယောက်လို ပါးစပ်အဟောင်းသားဖြစ်နေ၏။ ရုတ်တရက်ကြီး အဘယ့်ကြောင့် သူ့အား ချစ်စနိုးအမည်ဖြင့် ခေါ်စေချင်ရသနည်း။
ကာလိုင်းက ပြေပြစ်သောအမူအရာဖြင့် ဆက်ပြောလာခဲ့သည်။
"မင်းက ကိုယ့်ကို မင်းကိုချစ်သလိုမျိုးဟန်ဆောင်ဖို့ တောင်းဆိုခဲ့ပြီးတော့ ကိုယ့်ကို ယဥ်ယဥ်ကျေးကျေး ဆက်ခေါ်နေဦးမလို့လား။ ကိုယ်က မင်းရဲ့ခင်ပွန်းဖြစ်လာမှာလေ၊ ဟုတ်တယ်မလား။"
"အာ၊ ဒါပေမဲ့..."
စုံတွဲတွေက ချစ်စနိုးနာမည်မျိုး မဖြစ်မနေမလိုအပ်ဘူးလေ။ မင်းမျိုးမင်းနွယ်မိသားစု၌ နိုင်ငံရေးလက်ထပ်မှုများသည် ပုံမှန်ကိစ္စတစ်ခုဖြစ်ပြီး စုံတွဲများစွာက ၎င်းတို့သေဆုံးချိန်အထိ ယဥ်ကျေးသောအခေါ်အဝေါ်များကိုသာ သုံးစွဲခဲ့ကြ၏။ ချစ်စနိုးနာမည်က ချစ်သူများအတွက်သာ သုံးစွဲနိုင်သည့် ရင်းနှီးသောအပြုအမူမျိုးဖြစ်၏။
မေးခွန်းများစွာက သူ(မ)အား ထုတ်ပြောဖို့ခြိမ်းခြောက်နေသော်လည်း ကာလိုင်း၏မျက်နှာပေါ်မှ ဆုံးဖြတ်ထားပြီးသားအကြည့်ကို မြင်လိုက်ရသောအခါ ရိုးရိုးရှင်းရှင်းသာ ခေါင်းညိတ်ပြခဲ့သည်။
"ကောင်းပါပြီ... ကျွန်မ အဲ့လိုခေါ်ပါ့မယ်။"
အင်း၊ သူ(မ) သူ့ကို ကားလ်လို့ခေါ်တာ အရေးကြီးတဲ့ကိစ္စမဟုတ်ပါဘူး။ သူသာ သူ(မ)၏အခြေအနေများကို သဘောတူလက်ခံပေးပါက သူ့အား ခွေးပေါက်လေးနာမည်ဖြင့် ကျေကျေနပ်နပ်ကြီး ခေါ်ပေးလိုက်မည်။
"အစပိုင်းမှာကတည်းက ချစ်စနိုးနာမည်သုံးရင် တခြားသူတွေအတွက် ထူးဆန်းနေပါလိမ့်မယ်။ ဒီတော့ ပြင်ပအခြေအနေတွေမှာ ကျွန်မ ယဥ်ယဥ်ကျေးကျေးပဲ ပြုမူပါ့မယ်။ ကျေးဇူးပြုပြီး အဲ့ဒါကို နားလည်ပေးပါ။"
"မင်း အဆင်ပြေသလိုလုပ်ပါ။ ဒါပေမဲ့ ကိုယ်တို့နှစ်ယောက်တည်းရှိနေရင် ကိုယ့်ကို အဲ့လိုခေါ်လို့ရတယ်။"
"ဟုတ်ကဲ့ပါ... ကားလ်။"
ပန်းချီဆွဲထားသလို အပြုံးတစ်ခုက ကာလိုင်း၏နှုတ်ခမ်းထက်မှာ ဖြစ်တည်လာ၏။ ဤသည်မှာ လှောင်ပြောင်ရိပ်မပါ၊ ဟာသမနှောသည့် ပထမဆုံးသော စစ်မှန်သည့်အပြုံးပင်။
YOU ARE READING
ပြန်လည်မွေးဖွားလာသော အမျိုးသမီးသူရဲကောင်း
Romanceအယ်လီနာ - သူ(မ)မိသားစုအတွက် လက်စားချေဖို့ သူ(မ)ရဲ့တစ်ဘဝလုံး သွေးအေးသည့်အမျိုးသမီးသူရဲကောင်းအဖြစ် ဖြတ်သန်းလာခဲ့ရာမှ လက်စားမချေရသေးခင် သေခြင်းတရားနှင့် အဆုံးသတ်ခဲ့ရ၏။ သူ(မ) မျက်လုံးဖွင့်ကြည့်လိုက်ရာ အတိတ်ကို ပြန်လည်ရောက်ရှိနေကြောင်း တွေ့လိုက်ရပေသည်။ န...