၎င်းတို့၏ သဘောတူညီချက်ကို စီစဥ်ရင်း စကားစမြည်ပြောနေစဥ် အချိန်တချို့ ကုန်ဆုံးသွားခဲ့သည်။ အယ်လီနာက သူ(မ)မိသားစု၏ သူရဲကောင်းများကို မျက်ခြေဖြတ်ခဲ့ရသောကြောင့် သူ(မ)၏မိသားစု စိတ်ပူနေကြမည်ကို စိုးရိမ်နေသည်။
"ဒီလိုပဲ ထားလိုက်ကြတာပေါ့။ ကျွန်မတို့ တစ်ခုခုလိုအပ်တယ်ဆိုရင် ထပ်ဖြည့်လို့ရတာပဲ။ တကယ်လို့ တစ်ခုခုကို ပြောင်းလဲချင်တယ်ဆိုရင် ကျွန်မတို့နှစ်ယောက်လုံး သဘောတူညီဖို့လိုမယ်။"
"ကောင်းပါပြီ။"
သဘောတူညီချက်၏အောက်ခြေ၌ အယ်လီနာသည် အကြောင်းအရာများကို နှစ်ဦးသဘောတူညီချက်အရ ဖယ်ရှားနိုင်သလို ထပ်ဖြည့်နိုင်ခွင့်လည်းရှိကြောင်း ရေးသားခဲ့သည်။ သူ(မ)တွေးခဲ့သည့် အရေးကြီးဆုံးအရာများကို စီစဥ်ပြီးဖြစ်ရာ ယခု အသေးစိတ်ကိုပြင်ဆင်ဖို့သာ လိုအပ်တော့၏။
နောက်ဆုံးတွင် သဘောတူညီချက်အား ချိုးဖောက်ခြင်း၏ အကျိုးဆက်ရလဒ်ကို ဆုံးဖြတ်ရန် အချိန်ကျရောက်လာခဲ့သည်။
"မင်း ဒီအချက်တွေကို မလိုက်နာရင် ဘာလုပ်ရမလဲ။"
"ကောင်းပြီလေ... ရှင် ကျွန်မဆီက ဘာလိုချင်လဲ။"
အမှန်တကယ်တော့ ဤစာချုပ်၏ အပိုင်းအများစုမှာ အယ်လီနာ့စိတ်တိုင်းကျသာဖြစ်ရာ သူ(မ)၏စိတ်ထဲတွင် အချက်နှစ်ချက်သာရှိနေ၏။ ပထမတစ်ချက်က သူ(မ)သည် ဧကရီဖြစ်လာပြီးနောက် ကာလိုင်း၏အမျိုးသမီးအဖြစ် နေထိုင်ရမည်ဖြစ်ပြီး ဒုတိယတစ်ချက်က ကာလိုင်းအလိုရှိသည့် ကိစ္စတစ်ခုကို သူ(မ) လုပ်ပေးရမည်။ ကာလိုင်းမှာ ခက်ခဲသောတောင်းဆိုချက်တို့ မရှိသော်လည်း အယ်လီနာက သဘောတူညီချက်ကို ကာကွယ်ချင်သည်။
"ပြောတော့မှပဲ ရှင့်ကို စိတ်တိုင်းကျစေတဲ့အရာ ရှိသလားဆိုတာ ကျွန်မမသိဘူး..."
"ဟမ်... ဒါဆို ကိုယ့်ကို ကတိတစ်ခုပေး။ မင်း ကတိမတည်တဲ့အခါ ကိုယ်ဘာပဲလုပ်လုပ် ကိုယ့်ကို မမုန်းသွားပါဘူးဆိုတဲ့ကတိ။"
"ဘာ? အဲ့ဒါက-"
"ယုံကြည်ချက်မရှိဘူးလား။"
ကာလိုင်းက လက်ပိုက်ထားပြီး သူ(မ)နှင့် မျက်နှာချင်းဆိုင်၌ တစ်နည်းနည်းဖြင့် အန္တရာယ်ရှိနိုင်သလိုမျိုး ထိုင်နေ၏။ အယ်လီနာ၏ဗီဇက တစ်စုံတစ်ခုက ထူးဆန်းနေသည်ဟု သူ(မ)ကို သတိပေးခဲ့သည်။ ၎င်းက ရိုးရှင်းသောတောင်းဆိုချက်ဖြစ်သော်လည်း သူ(မ)၏အသက်ကို စွန့်စားတာထက်တောင် ပိုပြီး မသက်မသာဖြစ်နေ၏။ သူက အသေးစိတ်ပြောမပြသည့်အတွက် သူ့ကို စိတ်မဆိုးသော်လည်း သူ(မ)၏စိတ်ကူးယဥ်မှုက သူ(မ)အား စိတ်မသက်မသာဖြစ်စေခဲ့သည်။
ESTÁS LEYENDO
ပြန်လည်မွေးဖွားလာသော အမျိုးသမီးသူရဲကောင်း
Romanceအယ်လီနာ - သူ(မ)မိသားစုအတွက် လက်စားချေဖို့ သူ(မ)ရဲ့တစ်ဘဝလုံး သွေးအေးသည့်အမျိုးသမီးသူရဲကောင်းအဖြစ် ဖြတ်သန်းလာခဲ့ရာမှ လက်စားမချေရသေးခင် သေခြင်းတရားနှင့် အဆုံးသတ်ခဲ့ရ၏။ သူ(မ) မျက်လုံးဖွင့်ကြည့်လိုက်ရာ အတိတ်ကို ပြန်လည်ရောက်ရှိနေကြောင်း တွေ့လိုက်ရပေသည်။ န...