အပိုင်း ၄၆ ။ ။ အမာရွတ်များ
မကြာမီအချိန်တွင် ကန္တာရကြီး၏ အဆုံးသတ်မှ ထူထဲလှသည့် မြူခိုးများ ပေါ်လာသည်။
မြို့တော်အပြင်ဘက်မှ ရာသီဥတုက အချိန်မရွေးပြောင်းနေပြီး မိုးရွာလိုက်၊ နှင်းကျလိုက်၊ ပြီးလျှင် မြူခိုးများ ထူထပ်လာလိုက်နှင့် ချက်ချင်းပင် ပြောင်းလဲနေသည်။ ယခု ညနက်၏ ကောင်းကင်ယံက ကြည်လင်နေသော်လည်း ချက်ချင်းလက်ငင်းပင် ဆွတ်ဆွတ်ဖြူနေသည့် အဖြူရောင် မြူခိုးများက ဝိုင်းရံလာသည်။
ရှီယွမ်သည် လုထင်းဟန်၏ ဘေးတွင် ရပ်နေပြီး လေထုထဲတွင် မြူခိုးများဖြင့် ပြည့်လာသည်ကို ကြည့်နေရင်း လုထင်းဟန် စကားမပြောဘဲနေနေသည်မှာ အချိန်အကြာကြီးရှိသွားပြီဖြစ်ကြောင်း အသိက ရုတ်တရက် ခေါင်းထဲဝင်လာသည်။ သူ မော့ကြည့်လိုက်သည့်အခါ လုထင်းဟန်က သံမြို့တော်ကို ကြည့်နေပြီး ဂျယ်လီငါးအုပ်စုကို မမှိတ်မသုန်ကြည့်နေပုံမှာ တစ်ခုခုကို စောင့်ဆိုင်းနေသလိုပင်။
ရှီယွမ်က သူ့အကြည့်များနောက်လိုက်ကာ ကြည့်လိုက်သည်။
ဂျယ်လီငါးများ၏ တောက်ပမှုသည် မှိန်ပျကာ အားနည်းလှ၍ နေသာသည့်နေ့ရက်များတွင်သာ မြင်ရနိုင်သည်။ ယခုဆို သူတို့၏ ကြည်လင်နေသည့် ခန္ဓာကိုယ်များက တဖြည်းဖြည်း ပျောက်ကွယ်လို့နေပြီပင်။
သူတို့တွေ လုံးဝ ပျောက်ကွယ်မသွားခင်တွင် —
မသဲကွဲ မရေရာသည့် အရပ်ရှည်ရှည်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူ၏ သမင်ဦးချိုများသည် အနုစိတ်၍ ရှုပ်ထွေးနေသလို၊ သစ်ပင်အိုကြီး၏ အမြစ်များကဲ့သို့ပင်ဖြစ်နေပြီး၊ အမှောင်ထဲတွင် တဖြည်းဖြည်း အလင်းရောင်ထွက်နေသည့် အနည်းငယ်ကြည်လင်သော အဖြူရောင်ကိုယ်ခန္ဓာရှိသည့်အပြင် အပြင်ပန်းတွင် တဖြည်းဖြည်း ရွေ့လျားနေသော မြူအတိ ဖုံးလွှမ်းနေသည့် မျက်လုံးများရှိသည်။
အဲ့ဒါက သမင်တစ်ကောင်ပင်ဖြစ်သည်။
မည်သည့် သစ်ပင်ထက်မဆို၊ မည်သည့် စွမ်းအင်တာဝါထက်မဆို မြင့်သည့် သမင်တစ်ကောင်ပင်။
YOU ARE READING
ချောက်နက်လေးနှင့် နေထိုင်ခြင်း
RomanceZhùshì shēnyuān [မြန်မာဘာသာပြန်] စာရေးသူ-ကျန်းဝေကျီး Status in COO (124+12 extras)