အပိုင်း ၃၈ ။ ။ ဂနာမငြိမ်ဖြစ်ခြင်း
ရှီယွမ် ပြဇာတ်ရုံခန်းမဆီသို့ ပြန်ရောက်လာချိန်မှာမှ အမှောင်ထဲတွင် ရပ်နေကြသည့် အစောင့်အကြပ်များစွာနှင့် အဖြူရောင်ဝတ် ကွင်းဆင်းဆရာဝန်များကို သတိပြုမိလေသည်။
ကြည့်ရသည်မှာ လုထင်းဟန်က ညမိုးချုပ်အချိန်တွင် အိမ်ပြန်သွားခဲ့ပြီး ရှီယွမ် အိမ်မှာ ရှိမနေသည်ကိုရှာတွေ့သွားသည်၊ ဤသို့ဖြင့် သူ၏ လက်အောက်ငယ်သားများကို ခေါ်ကာ ပြဇာတ်ရုံသို့ လာခဲ့ခြင်းဖြစ်မည်။
“ပုလင်းအဝမှာ စိတ်ငြိမ်ဆေး အိပ်ဆေး အကြွင်းအကျန်တွေ ရှိနေတယ်” စစ်ဆေးရေးအရာရှိက လက်အိတ်ဝတ်ပြီး ပုလင်းကို ယူလိုက်သည်။ “CNS စိတ်ကျဆေးနဲ့ အရက်ကိုတွဲသောက်တာက အန္တရာယ်ရှိတယ်။ ကံကောင်းလို့၊ သူက ဗားရှင်းအသစ်ကို သုံးခဲ့တာ၊ အဲ့ဒါက အရက်ထဲကို ဆေးပမာဏနည်းနည်းလေးပဲ ထည့်ရပြီး မတည့်တဲ့လက္ခဏာနည်းတယ်၊ အဆိပ်သင့်တဲ့ သက်ရောက်မှုကလည်း တော်တော်လေးနည်းတယ်”
(CNS စိတ်ကျဆေး- ဦးနှောက်လုပ်ဆောင်ချက်တွေကို နှေးကွေးစေပြီး ကြွက်သားတွေ ပြေလျော့စေတယ်၊ စိတ်တည်ငြိမ်စေပြီး နာကျင်မှု ဝေဒနာတွေကို သက်သာစေသည့် ဆေးတစ်မျိုး)
ချင်လော့လော့က ဆိုဖာပေါ်တွင် ထိုင်နေပြီး သူမ၏ လက်ဖဝါးထဲတွင် မျက်နှာအပ်ထားလေသည်။ သူမက အသံအက်အက်နှင့် ပြောလာသည် : “သူဘာလို့ ဒီလိုလုပ်ရတာလဲ…အကြွေးတွေကြောင့်လား ဒါမှမဟုတ် သူ့အမေကြောင့်လား?”
မည်သူမှ သူမ၏ မေးခွန်းကို ပြန်မဖြေပေ။
တခြားသူများကလည်း တစ်ယောက်ပြီး တစ်ယောက် နိုးလာကြပြီး မယုံကြည်နိုင်ဖြစ်နေကြသည်။
ချန်းယိုဝမ်က တစ်ခဏလောက် ကြက်သေ သေနေပြီး နောက်တော့ စားပွဲခုံကို ကန်ပစ်လိုက်လေသည် : “ငါလူး သောက်ရူးကတော့…!!”
ပန်းကန်ပြားတွေက လျှောကျသွားပြီး အချိုရည်များက စကျင်ကျောက်ကြမ်းပြင်ပေါ်တွင် ဖိတ်ကျသွားကာ ပေါက်ပေါက်ဆုပ်များကလည်း ကြမ်းပြင်ပေါ်တွင် အကုန် ပြန့်ကြဲပြီးကျသွားသည်။ ချန်းယိုဝမ်က မတ်တပ်တောင် မရပ်နိုင်တော့ဘဲ ဒယိမ်းဒယိုင်ဖြစ်နေပြီး ထိုင်ခုံကို ထပ်ကန်ဖို့ လုပ်ရာတွင် ဝုဖ်ဂိန်းက ဆွဲထားလိုက်လေသည်။
“ထားလိုက်ပါတော့” ဝုဖ်ဂိန်းက တိုးတိုးလေးပြောလာသည်။ “အယ်ရာရီဟျူမား”
ထိုစကားလုံးက ဝုဖ်ဂိန်းရဲ့ မွေးရပ်မြေမှ စကားပုံဖြစ်ပြီး ‘အမှားလုပ်ခြင်းသည် လူ့သဘာဝပင်ဖြစ်သည်’ဟု အဓိပ္ပါယ်ရသည်။ အနီးကပ်ကြည့်ကြည့်မည်ဆိုပါလျှင် ဝုဖ်ဂိန်း၏ ကြံ့ခိုင်ပြတ်သားသော မျက်နှာကောက်ကြောင်းများကလည်း အနည်းငယ် တုန်လှုပ်နေသည်ကို မြင်နိုင်ပြီး ဝုဖ်ဂိန်းက အားထည့်ကာ လျှော့ချနေရသည်။
ဝုဖ်ဂိန်း ပြန်ဆွဲခေါ်လာသည့် ချန်းယိုဝမ်ကတော့ အသက်ရှူဖို့ရာ ဟောဟဲလိုက်နေပြီး သူ့မျက်လုံးများက နီရဲတွတ်နေသည်။
“ဘာဖြစ်ကြတာလဲ?” တွန့်ဆုတ်ဆုတ်ဖြစ်နေသည့် မိန်းကလေးသံလေးထွက်လာသည်။
ထရေစီက အဖြူရောင် ညအိပ်ဂါဝန်လေးကို ဝတ်ထားပြီး ခြေဗလာနှင့် လှေကားပေါ်ဆင်းလာကာ ပွက်လောရိုက်ဆူညံနေ၍ နိုးလာခြင်းဖြစ်လေသည်။ သူမက စောစော အိပ်ယာဝင်သွားပြီး သူတို့နှင့် အတူမသောက်ခဲ့ပေ။ သေချာတာကတော့ ဝုဖ်ဂိန်းက သူမလေးကို သောက်ခွင့်ပေးမှာမဟုတ်ပေ— အခု ပြန်စဉ်းစားကြည့်လျှင် ရှဖန်းက သူမအား အိပ်ယာဝင်ရန် ဖျောင်းဖျရာတွင် အထူးတလည် စိတ်အားထက်သန်နေခဲ့ပြီး သူမကို အပေါ်ထပ်ကိုတောင် လိုက်ပို့ခဲ့သေးသည်၊ အားလုံးက သူ ကြိုတင်ကြံရွယ်ထားခြင်းပင်။
“ဘာဖြစ်လို့လဲ?” သူမက ထပ်မေးလာပြန်သည် “အကုန်လုံးက ထူးဆန်းနေကြတယ်”
ပတ်ပတ်လည်မှ အရာရှိများ၊ ဆရာဝန်များနှင့် လူတိုင်း၏ မျက်နှာအမူအရာအများက သိသိသာသာကို သူမအား စိတ်မအေးဖြစ်စေပြီး သူမက လက်ချောင်းလေးများကို တင်းတင်းကျပ်ကျပ် လိမ်နေလိုက်သည်။
“ဘာမှမဖြစ်ဘူး” ဝုဖ်ဂိန်းက အားစိုက်ကာ မတ်တပ်ထရပ်လိုက်ပြီး ထရေစီ၏ အရှေ့သို့ လျှောက်သွားလိုက်သည်။ “အပေါ်တက်ပြီး ဆက်အိပ်တော့၊ ငါ မနက်ဖြန်ကျမှ ပြောပြမယ်” ဝုဖ်ဂိန်းက တိုးတိုးလေး ညည်းလိုက်သည် “ကောင်းသွားမှာပါ”
ပတ်ပတ်လည်ကို ကြည့်လိုက်လျှင် ကြမ်းပြင်က ရှုပ်ပွနေပြီး နောက်ဆုံး နှုတ်ဆက်သည့်ပွဲက လက်ခံနိုင်လောက်စရာတောင်မရှိပေ။ အဆုံးမှာတော့ ဘဝကြီးက ပြဇာတ်တစ်ပုဒ်မဟုတ်ခဲ့၊ ပြည်ဖုံးကားချအပြီး စင်ရှေ့ထွက်၍ ဩဘာခံယူသည့်အခါကြားရသည့် လက်ခုပ်သံများလည်း မရှိပါဘဲ၊ အပြီးသတ်ဆိုတာလည်း လုံးဝမရှိပေ။
အိမ်မပြန်ခင်တွင် ချန်းယိုဝမ်နှင့် ချင်လော့လော့က စိတ်ငြိမ်သွားကြသည်။
ချန်းယိုဝမ်က သူ့နားထင်ကြောတွေကို ဆွဲဆန့်လိုက်ပြီး ပြောလာသည် “ဒါပဲ၊ ရှီယွမ်၊ နှုတ်ဆက်တယ်၊ အိမ်ပြန်ပြီး စောစောအနားယူတော့”
ချင်လော့လော့ကလည်း ပြောလာလေသည် : “အများကြီး လျှောက်တွေးမနေနဲ့၊ ဒါက ငါတို့ တတ်နိုင်တဲ့ဟာမဟုတ်ဘူးလေ၊ ဒါကြောင့်နဲ့တော့ မပျော်မရွှင်ဖြစ်မနေနဲ့။ အခွင့်အရေးရှိရင် ပြန်တွေ့ကြမယ်၊ ငါတို့တွေ အတူတူထပ်သရုပ်ဆောင်နိုင်တာလည်း ဖြစ်နိုင်တာပဲ”သူမက ပြုံးပြီး ရှီယွမ်၏ ပုခုံးလေးကို ဖိလိုက်ကာ သူမ၏ မျက်ခုံးလေးများကလည်း ဆန့်ဆန့်လေးဖြစ်နေသည်။ “ကံကောင်းတာက ငါက အမြော်အမြင်ရှိပြီး အင်အားကြီးတယ်လေ။ အဲ့ဒီ့နေ့က မင်းကို အဖွဲ့သားအဖြစ်ခေါ်ဖို့ ဆုံးဖြတ်ခဲ့တယ် နောက်တော့ ငါမင်းကို သိလာခဲ့ရတယ်”
ရှီယွမ်ကလည်း သူတို့ကို နှုတ်ဆက်လိုက်သည်၊ အရင်က အလုပ်ဆင်းသည့်အခါတွင် ကြိမ်ဖန်များစွာ နှုတ်ဆက်ခဲ့သည့်အတိုင်းပင်။
ဆေးအာနိသင်က အခုထိ မပျယ်သေးသဖြင့် လုထင်းဟန်၏ ကားထဲသို့ မူးဝေစွာဖြင့် သူလိုက်သွားလိုက်သည်။
ကားသည် သန်းခေါင်ယံလမ်းများတစ်လျှောက် တိတ်တဆိတ် မောင်းနှင်လာခဲ့ပြီး လမ်းမီးအများအပြားက မှိန်နေခဲ့သည်။ ကားထဲတွင် လုထင်းဟန်က မေးလာသည် “ဝမ်းနည်းနေတာလား?”
“အဆင်ပြေပါတယ်” ရှီယွမ်က ရိုးရိုးသားသားပဲ ပြန်ဖြေလိုက်သည်။ “ဒါပေမယ့် အရမ်းကို မထင်ထားမိဘူး”
သူနှင့် ရှဖန်းက လမ်းများကြား လျှောက်သွားကာ ပိုစတာတွေကို အကြိမ်များစွာ ကပ်ခဲ့ကြတာကို သူ အမှတ်ရမိသည်။ ရှဖန်းက လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ချန်းယိုဝမ်က ချင်လော့လော့ကို တိတ်တခိုး ကြိုက်နေသည်ဟုဆိုကာ မင်းသေချာကြည့်ရင် မြင်နိုင်တယ်ဟူ၍ ပြောခဲ့တာကို သူ အမှတ်ရမိသည်။ ရှဖန်း သူ့ကို ဝယ်ကြွေးသည့် ဆန်ပူတင်းက ပူနွေးနွေးလေးနှင့် ချိုသည်ကို သူအမှတ်ရမိသည်။ ရှဖန်း၏ ချစ်သူက လူလိမ်ဖြစ်ကြောင်းကိုလည်း သူအမှတ်ရမိသလို သူ့အမေက ဖုန့်ယန်ကျွင့်တွင် အပြင်းအထန်ဖျားနာနေသည်ကိုလည်း သူအမှတ်ရမိသည်။ ညစာစားပွဲအဆုံးသတ်ခါနီးတွင် ရှဖန်းက ငိုပြီး ပြောလာခဲ့သည် ‘ငါ တောင်းပန်ပါတယ်၊ ငါတကယ် မင်းတို့အကုန်လုံးကို ကြိုက်ပါတယ်’ဟူ၍။
အတိတ်အကြောင်းအရာများက အတူတကွ တစ်ပုံတစ်ပင် စုပုံနေသည်။
သူက ဝမ်းမနည်းသော်လည်း စိတ်ရှုပ်ထွေးနေ၍ အမြီးလေးကို ကွေးလိပ်ထားမိသည်။
“ရှီယွမ်” လုထင်းဟန်က ပြောလာသည်။ “လူတိုင်းမှာက တစ်ယောက်နဲ့တစ်ယောက် နားမလည်နိုင်ကြတဲ့ မတူညီတဲ့အခြေအနေတွေရှိကြတယ်၊ ပြီးတော့ လူတိုင်းမှာလည်း စာနာမှုဆိုတာ သိပ်မရှိကြဘူး”
ရှီယွမ် : “အိုး…”
ကားကွေ့လိုက်သည့်အခါ မူးဝေနေသေးသည့် သူ့ခန္ဓာကိုယ်လေးက ယိုင်ထိုးသွားလေသည်။
လုထင်းဟန်က ပြောလိုက်သည် “ဒီအကြောင်းကို စိတ်ပူမနေနဲ့တော့။ မင်း လူတွေအများကြီးနဲ့ တွေ့ရဦးမှာ အတွေးအခေါ်သမားတွေ၊ အရာရှိတွေနဲ့ အနုပညာရှင်တွေကို တွေ့ရဦးမှာ၊ တွေ့ရတဲ့ လူအများစုကလည်း ဖြတ်သွားဖြတ်လာတွေချည်းပဲ။ အကယ်၍ တချို့လူတွေက အနုပညာကို ချစ်ခင်ပြီး သစ္စာရှိတယ်ဆိုရင် တချို့လူတွေကတော့ ပိုက်ဆံနဲ့ အာဏာကို စွဲမက်နေကြလိမ့်မယ်။ လူတိုင်းက မတူညီတဲ့အရာတွေကို တောင်းဆိုကြတယ်။ မင်း စိတ်ထဲမှာ ဖြစ်ချင်တဲ့လူမျိုးကို မင်းဖြစ်ရမယ်။ တူညီတဲ့ အနေအထားမှာ ရပ်တည်နေတဲ့သူတွေကပဲ ဘေးချင်းကပ် လျှောက်လှမ်းနိုင်ကြမှာ”
လုထင်းဟန်က ရှီယွမ်ကို နှစ်သိမ့်ဖို့ ကြိုးစားနေလေသည်။
သို့သော် ထိုအချိန်တွင် ရှီယွမ်က မလွဲဧကန်ကို ကန္တာရကြီးထဲမှ သွေဖယ်ဖောက်ပြန်နေသည့် မကောင်းဆိုးဝါးသတ္တဝါများ၊ သေလွန်ခဲ့ပြီးသော စစ်သား၊ အေးစက်နေသည့် သေနတ်နှင့် သလင်းကျောက်ထဲတွင် ခဲနေသည့် အပြာရောင်လိပ်ပြာကို တွေးတောနေလေသည်။
သူက လုထင်းဟန်ကို အသံတိုးတိုးလေးဖြင့် မေးလိုက်သည် : “…ဒါဆို ခင်ဗျားရဲ့ အခြေအနေကရော? ခင်ဗျား ဘယ်လိုလူမျိုးဖြစ်ချင်တာလဲဟင်?”
ရှေ့ဆက်သွားသည့်လမ်းတွင် မီးရောင်အနည်းငယ်သာရှိနေပြီး လမင်းကြီးက ယနေ့ညတွင် ပေါ်လာဝံ့ခြင်းမရှိသောကြောင့် ကားသည် အမှောင်ထုထဲသို့ မောင်းဝင်သွားခဲ့သည်။
ကားထဲတွင် ညဘက်အမြင်အာရုံစနစ်၊ လျှပ်စစ်ကိရိယာပါသည့် လက်ကိုင်ဘားတစ်ခု၊ သီးခြားအောက်ဆီဂျင်ထောက်ပံ့မှုစနစ်နှင့် ဆီတိုင်ကီအတွင်းရှိ အထူးပေါက်ကွဲမှုဒဏ်ခံနိုင်သော အမြှုပ်များပါရှိသည်။ ဤကားသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးကား ဖြစ်နိုင်ပေသည်။ ကမ္ဘာကြီးအဆုံးမသတ်မီကပင် ကား၏စွမ်းဆောင်ရည်ကြောင့် နာမည်ကြီးသော်လည်း အမှောင်ထုသည် အလွန်သန်မာလွန်းလှသည်။ စွမ်းအားမြင့် ရှေ့မီးများပင် မထိုးဖောက်နိုင်သော ကန့်လန့်ကာတစ်ခုဖြစ်နေသည်။ ကားသည် မှောင်မိုက်သောပင်လယ်ပြင်တွင် အထီးကျန်သင်္ဘောကဲ့သို့ လွင့်မျောနေတော့သည်။
လုထင်းဟန်က အဖြေစကားမဆိုလာပေ။
အချိန်များစွာ ကြာပြီးနောက်မှာမှ သူ ပြောလာသည် “ကိုယ်က ဘယ်သူမဆိုဖြစ်ပေးနိုင်တယ်။ လူသားတွေရဲ့ အခြေအနေက ကိုယ့်ရဲ့ အခြေအနေပဲ”
ရှီယွမ်က စကားပြောလိုက်ချင်သော်လည်း ဘာပြောရမည်ကို မသိတော့ပေ။
ဤအဖြေက သူအမြဲသိနေခဲ့သည့် အဖြေဖြစ်သည်။
ထိုအဖြေကို သူ လုထင်းဟန်ကို စတွေ့စဉ်ကတည်းက သိခဲ့ခြင်းဖြစ်ပေသည်။
လူသားများ၏ မေ့ဆေးသည် ရှီယွမ်အပေါ်တွင် ကောင်းကောင်းအလုပ်ဖြစ်လေသည်။ သူသည် ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုတွင် မည်သည့်အခါမှ မထူးခြားပေ။ သွေးစစ်ချက်များတွင်လည်း သူသည် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်ကြောင်းကို မပြနိုင်ပေ။ သူသည် ကျောက်ခဲများဖြင့် ခြစ်မိ၍ ပွန်းပဲ့ဒဏ်ရာရနိုင်သလို ဆေးများ၏ အာနိသင်ကြောင့်လည်း ထိခိုက်နိုင်သည်။
လူသားတစ်ယောက်ဖြစ်လာပြီးနောက်ပိုင်းတွင် လူသားတို့ရဲ့ခံစားချက်တွေကြောင့် သူ့မှာလည်း သူတို့လို အားနည်းချက်တွေ ရှိလာတာ ဖြစ်ကောင်းဖြစ်နိုင်သည်။
ဒါပေမယ့် အဲ့ဒီတော့ရော ဘာဖြစ်သလဲ?
ညဉ့်နက်တိုင်းတွင် ကန္တာရကြီးထဲမှ ထောင်ပေါင်းများစွာသော အသံများကို သူကြားနေရပြီး သူတို့က သူနှင့် တူညီသည့် ဇာစ်မြစ်ဖြစ်ကြောင်းကိုလည်း သူ သိပေသည်။
ရှီယွမ်၏ အမြီးလေးက ပို၍ တင်းကျပ်စွာ ကွေးလိပ်နေသော်လည်း နောက်တစ်စက္ကန့်တွင် လုထင်းဟန်က သူ့လက်ကို ဆန့်ထုတ်ကာ ရှီယွမ်၏ ခေါင်းလေးကို ဖိ၍ သူ့ပုခုံးပေါ်သို့ တင်ထားလိုက်သည်။ လုထင်းဟန်က သူ့လက်ကို နည်းနည်းစီ အားထည့်ကာ တဖြည်းဖြည်းချင်း အားပိုထည့်သည့် ကိုယ်နေဟန်ထားဖြင့် ရှိနေပြီး သူတို့၏ အသက်ရှူသံများက ရောထွေးလို့နေလေသည်။
“မင်းကရော?” လုထင်းဟန်က အရေးမကြီးသည့် အသေးအမွှားကဲ့သို့ မေးလာသည်။ “မင်းမှာ အခွင့်အရေးရှိမယ်ဆိုရင် မင်း ဘယ်လိုလူမျိုးဖြစ်ချင်လဲ? မင်း အထူးတလည်နှစ်သက်တာတွေရောရှိလား?”
“ကျွန်တော်လည်း မသိဘူးရယ်” ရှီယွမ်က အရမ်းကို ရှုပ်ထွေးနေလေသည်။ “ကျွန်တော် ပိုက်ဆံကို မကြိုက်ဘူး၊ ကျွန်တော်က တစ်ယောက်ထဲ ဖြစ်နေမှာကို ကြောက်တယ် ပြီးတော့ တခြားသူတွေ အဖော်လုပ်ပေးတာကို လိုအပ်တယ်”
နောက်ဆုံးမှာတော့ လုထင်းဟန်၏ အမူအရာများက စိတ်သက်သာရာရသွားပြီး ရှီယွမ်၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
ရှီယွမ်က ထိုမေးခွန်းအပေါ် ဆက်လက်ပြီး ရုန်းကန်နေသည် : “အလုပ်အကိုင်ကို ပြောတာဆိုရင်တော့ သရုပ်ဆောင်၊ ဂီတသမား၊ သစ်သားပန်းပုထုတဲ့သူ ဒါမှမဟုတ် သတင်းကြေညာသူ အဲ့ဒါတွေအကုန်လုံးက အရမ်းစိတ်ဝင်စားစရာကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ ခင်ဗျားရော ဘယ်လိုထင်လဲဟင်?”
“အင်း” လုထင်းဟန်က ပြောလိုက်သည် “စစ်ပွဲကြီး ပြီးသွားရင် အဲ့ဒါတွေကို လုပ်ကြည့်ကြည့်ပေါ့”
“တကယ်လို့ ကျွန်တော့်မှာ ပါရမီ အရည်အချင်းမရှိဘဲ ပိုက်ဆံမရှာနိုင်ဘူးဆိုရင်ရော?”
လုထင်းဟန် : “ဒါဆိုရင်တော့ ကိုယ်မင်းကို ရောင်းစားရတော့မှာပေါ့”
“ခင်ဗျား အဲ့လိုလုပ်လို့မရဘူးနော်၊ ကျွန်တော်က ဘာမှ တန်ကြေးမရှိပါဘူး” ရှီယွမ်က မျက်လုံးပြူးလေးဖြင့် ကာကွယ်ပြောဆိုနေသည်။ “အဲ့လိုလုပ်ရင် ခင်ဗျား ကျွန်တော့်အမြီးလေးကို ထိဖို့ ရှိတော့မှာမဟုတ်ဘူး”
လုထင်းဟန်က ရယ်ချင်နေပုံရပြီး ခဏအကြာမှာတော့ သူ ပြောလာလေသည် “အမှန်ပဲ”
သူက တစ်ခုခုကို သတိရသွားပုံဖြင့် “ဒါနဲ့၊ မင်းကိုယ့်ကို တစ်ခုခု ပြောစရာရှိနေတာမဟုတ်ဘူးလား?”
ရှီယွမ်က ပြန်မဖြေတော့ပေ။
သူက အိပ်ပျော်နေပြီပင်။
သူ့ အိပ်မက်ထဲတွင် တစ်စုံတစ်ယောက်က သူ့ ဆံပင်လေးများကို ထပ်ခါထပ်ခါ ပွတ်သပ်ပေးနေပြီး နောက်ဆုံးတွင် ထိုတစ်စုံတစ်ယောက်က သူ့လက်ချောင်းများဖြင့် သူ့နှုတ်ခမ်းထောင့်လေးကို ပွတ်သပ်နေသည်။
အဲ့ဒါကအရမ်းနီးတယ်ထင်ရသော်လည်း တော်တော်လေး ဝေးနေသလိုပင်ဖြစ်ကာ မရှင်းမလင်းနှင့် ဖော်မပြနိုင်သော ခံစားချက်များလည်း ရှိနေပေ၏။
နှုတ်ခမ်းတွေကို အမှတ်မထင် ပွတ်ကာသီကာ ထိလိုက်သည့်အခါ နမ်းမိလုနီးနီးဟုပင် ထင်ရစေသည်။
ကားက အိမ်ရှေ့တွင် ရပ်သွားပြီး လုထင်းဟန်က ရှီယွမ်ကို နှိုးလိုက်သည်။
ရှီယွမ်က မူးနောက်မူးနောက်ဖြင့် အပေါ်ထပ်သို့ တက်သွားလေသည်။
လုထင်းဟန်က ပြောလိုက်သည် “အိပ်ရာထဲကိုပဲ တန်းတန်းသွားလိုက်တော့၊ မင်း ကောင်းကောင်း ရပ်နိုင်သေးတာလည်း မဟုတ်ဘူး၊ ရေချိုးခန်းထဲမှာလည်း မတိုက်မိစေနဲ့ဦး”
“အိုခေ” ရှီယွမ်က ပြောလိုက်သည်၊ သူက မျက်နှာသစ်ဖို့ကို ရေချိုးခန်းထဲ သွားချင်နေဆဲဖြစ်ပြီး အခန်းထဲသို့ သွားလိုက်တော့သည်။
လုထင်းဟန်က စာကြည့်ခန်းထဲသို့ သွားလိုက်သည်။
မီးဖွင့်လိုက်ပြီး သူ စားပွဲအရှေ့တွင် ဝင်ထိုင်လိုက်သည်။ တာမီနယ်မှ အစီရင်ခံစာတွင် မကောင်းဆိုးဝါးများက ဒီနေ့ညတွင် အလွန်အမင်း ဂနာမငြိမ်ဖြစ်နေသည်ဟု ပြထားပြီး ချောက်နက် နံပါတ် 3 ၊ နံပါတ် 5 ၊ နံပါတ် 6 ၏ ကူးစက်မှုအာနိသင်က နှစ်၅၀ အတွင်း၌ တစ်ဟုန်ထိုးမြင့်တက်သွားကာ ယင်းချောက်နက်များ၏ စောင့်ကြည့်သူများကို အရေးပေါ် ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးရန် ပြင်ဆင်နေပြီဖြစ်သည်။ စူးအန်းချီသည် ကျူချန်၏ တပ်များကို အမိန့်ပေးနေပြီး ညတွင်းချင်း ခုခံကာကွယ်ရေးနယ်နိမိတ်မျဉ်းကို အားဖြည့်ပေးကာ အဓိကမြို့တော်အတွင်း နေထိုင်သူများကို ခိုလှုံရာသို့ သွားရန် အဆင့်သင့်ပြင်ထားဖို့ရာ ထပ်မံ၍ အသိပေးချက် ထုတ်ပြန်ထားသည်။
ဒီနေ့ညသည် မြို့တော်အတွင်းမှာရော ပြင်ပမှာပါ ဖရိုဖရဲဖြစ်နေသည့် ညတစ်ညပင်။
ရှီးဆွေ့မြို့တော်နှင့် ဖုန့်ယန်ကျွင့်၏ အခြေအနေက ပိုကောင်းပေသည်။ လုထင်းဟန်က သူ၏ လက်အောက်ငယ်သားများဖြင့် ဗီဒီယို ညှိနှိုင်းဆွေးနွေးပွဲ တစ်ခု ပြုလုပ်ခဲ့သည်။
အစည်းအဝေးပြီးသွားသည့်နောက်တွင် နံနက်အစောကြီး ရှိနေပြီဖြစ်ပြီး ကူးစက်မှုအာနိသင်တန်ဖိုးသည် အဆင့် နှစ်ခုစာလောက်ကို မြင့်တက်သွားလေသည်၊ ပြီးလျှင် ထောင်ပေါင်းများစွာသော မကောင်းဆိုးဝါးကောင်များက ဝရုန်းသုန်းကား ပြေးလွှားသောင်းကျန်းလို့နေလေသည်။
လုထင်းဟန်က စာကြည့်ခန်း အပြင်သို့ လျှောက်သွားလိုက်သည်။
ဧည့်ခန်းက တိတ်ဆိတ်နေပြီး မဲမှောင်လို့နေသည်။ ရှီယွမ်က အိပ်ယာစောစောဝင်သွားလောက်သည်၊ သို့သော် လုထင်းဟန်က ရုတ်ခနဲ ရပ်တန့်သွားသည်။
အရင်က ရှီယွမ်ကို သူ အချိန်တိုင်း ရှာနိုင်ခဲ့သလိုပင်၊ လုထင်းဟန်က အမှောင်ထုထဲတွင် အော်ပြောလိုက်သည် : “ရှီယွမ်”
ဘာ လှုပ်ရှားမှုမှ မရှိပေ။
လုထင်းဟန် : “ရှီယွမ်”
ဒီတစ်ခါမှာတော့ တရှဲရှဲ၊ တရွှမ်းရွှမ်း မြည်သံ ထွက်ပေါ်လာပြီး အကြေးခွံလေးများကို ကော်ဇောဖြင့် ပွတ်တိုက်မိသည့် အသံပင်။ လုထင်းဟန်က ထိုအသံကို အကြိမ်များစွာ ကြားခဲ့ဖူးသည်— ရှီယွမ်က သူ့ဘေးတွင် ထိုင်ကာ စာအုပ်ဖတ်ချိန်တွင် သူ့အမြီးလေးက ကြမ်းပြင်ပေါ်တွင် တွဲလောင်းချထားပြီး ညင်သာစွာ လှုပ်ယမ်းလိုက်ချိန်တွင် ထိုကဲ့သို့သော အသံမျိုးထွက်လေသည်။
သေချာတာကတော့ ရှီယွမ်က ဧည့်ခန်းထဲတွင် ရှိနေသည်။
လုထင်းဟန်က အောက်ထပ်သို့ ဆင်းသွားလိုက်သည် : “ဘာလို့ အခုထိမအိပ်သေးတာလဲ?”
ရှီယွမ်က ထထိုင်လိုက်ပြီး ဆိုဖာအစွန်းကို ဆွဲကိုင်လိုက်ကာ သူ့လေသံလေးက အလွန်ကို အိပ်ချင်မူးတူးဖြစ်နေသည့် အသံလေးပင် : “ဟမ်? ကျွန်တော့် ခေါင်းကို ထိပေး…”
အရက်မူးခြင်းနှင့် ဆေးခပ်ခံရခြင်းတို့ကြောင့် အလွန်ကို အိပ်ချင်နေ၍ ယိမ်းထိုးနေသော်လည်း ခေါင်းလေးကို အထိခံချင်နေသေးသည်၊ ဒါမျိုးကို ရှီယွမ်တစ်ယောက်သာ လုပ်နိုင်သည်။
လုထင်းဟန်က ပြောလိုက်သည် “မြန်မြန်သွားအိပ်တော့၊ တခြားဟာတွေ ဘာမှထပ်တွေးမနေနဲ့” သူက ဤကဲ့သို့ ပြောလိုက်သော်ငြား လျှောက်သွားပြီး ရှီယွမ်၏ ခေါင်းလေးကို ထိပေးလိုက်သည်။
သို့ပေမယ့် ဤတစ်ကြိမ်တွင် ရှီယွမ်က ကျေကျေနပ်နပ်လေး ဂရူး၊ ဂရူး လုပ်မလာပေ။
သူက ခေါင်းလေးကိုလှည့်ကာ လုထင်းဟန်၏ လက်ကိုပွတ်သပ်နေပြီး စိတ်အားထက်သန်စွာ တုံ့ပြန်နေသည်။ သူ့အရေပြားက အလွန်တရာ ပူကျစ်နေပုံမှာ ခန္ဓာကိုယ်အတွင်းတွင် တစ်ခုခုက လောင်ကျွမ်းလို့နေပြီး အပြင်ထွက်မလာသလိုပင်။
လုထင်းဟန်က သူ့မျက်လုံးများကို အမှောင်ထုနှင့် အသားကျအောင် ချိန်ညှိပြီးချိန်တွင် သူ ရှီယွမ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ရှီယွမ်၏ မျက်ဝန်းများက ယခင်ကထက် ပိုမို မဲမှောင်လို့နေပြီး သူ့ မျက်လုံးအစွန်းမှ အနက်ရောင် အကြေးခွံများက သူ၏ ဘေးတိုက်မျက်နှာပေါ်တွင် ပျံ့နှံ့လို့နေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့မျက်ဝန်းများက ချောက်နက်နှင့် တူလှပြီး သူ့အရေပြားများကလည်း အလွန့်အလွန် ဖြူနေပေ၏။ အဖြူနှင့်အမည်းက အလွန် ထင်ရှားနေသည်ဖြစ်ရာ လူအများ၏ နှလုံးခုန်သံကိုတောင် မှားသွားစေသည်။
ဤသည်မှာ ဥပါဒန် အသိတရားမဟုတ်ပေ။ ရှီယွမ်က လူအများကို ဖျားနာပြီး အားနည်းအောင် လုံးဝမလုပ်ဖူးခဲ့။ နှိုင်းယှဉ်ဆင်ခြင်ကြည့်ပါက သူသည် နူးညံ့ပြီး တက်ကြွသည့် သတ္တဝါမျိုးပင်၊ ကြောက်တတ်သည်၊ ဂရုစိုက်တတ်သည် ပြီးလျှင် အစာကျွေးရလွယ်သည်။
ယင်းသည် အံ့ဩထိတ်လန့်ဖွယ်ဖြစ်စေသော၊ သဘာဝမကျသည့် အလှတရားတစ်မျိုးပင်ဖြစ်တော့သည်။
အဲ့ဒါက ဘာနှင့်တူသလဲဆိုလျင် တောအုပ်ထဲတွင် ကင်းလှည့်နေသည့် စစ်သားများက တောက်ပနေသည့် ပန်းတစ်ပွင့်၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရပြီး မတတ်နိုင်ပါဘဲ ခူးမိလိုက်သော်ငြား ဆုတ်ဖြဲခံလိုက်ရပြီး အရိုးများသာ ကျန်တော့သည်အထိ ဝါးစားခံလိုက်ရသလိုပင်။ သို့သော်လည်း သူတို့အားလုံးကတော့ နှစ်သက်ကြည်နူးဖွယ်ကောင်းသော ပန်းတစ်ပွင့်ကို ရရှိခဲ့၍ မသေခင်တွင် ပြုံးနေကြလေသည်။
လုထင်းဟန်က ရပ်တန့်နေမိသည် : “ဘာဖြစ်တာလဲ? မင်း မသက်မသာဖြစ်နေသေးရင် ကိုယ် ဆရာဝန်တစ်ယောက် မင်းအတွက်ခေါ်ပေးမယ်”
“ကျွန်တော် အဆင်ပြေတယ်၊ ကျွန်တော်က ဒီတိုင်း အပြင်ဘက်က အရမ်းဆူညံလွန်းနေလို့၊ အဲ့အသံတွေက ကျွန်တော့်ကို မူးအောင်လုပ်နေတယ်” ရှီယွမ်က သူ့ခေါင်းထဲမှ အသံများကို ခါထုတ်လိုက်သည့်နှယ် ခေါင်းကို ယမ်းလိုက်သည်။ “ကျွန်တော်က ခင်ဗျားကို အဲ့အကြောင်းပြောချင်နေတာ— ကျွန်တော် ပြောခဲ့တယ်လေ ခင်ဗျားပြန်လာရင် ပြောပြမယ်လို့”
ရှီယွမ်က သူ့အင်္ကျီ အိတ်ကပ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမိသည်။
အနက်ရောင်သလင်းကျောက် အစွန်းများက သူ့လက်ဖဝါးကို နာကျင်စေပြီး သူ့အရေပြားကို ပြတ်ရှမိသွားသလား မသိပေ။
ဒါက၊ အခု ညသန်းခေါင်ကျော်သွားပြီဖြစ်ပြီး အပြင်ဘက်တွင် တိတ်ဆိတ်နေပုံမှာ အပ်တစ်ချောင်း ပြုတ်ကျသွားလျှင်တောင် ကြားနိုင်သည်။ ဘယ်လိုလုပ် ဆူညံမှာလဲ?
လုထင်းဟန်က ရှီယွမ်ကို ကြည့်လိုက်ပြီး ပြောလာသည် “ရှီယွမ်၊ မင်း တကယ် အဆင်ပြေရဲ့လား? မင်းကို ကြည့်ရတာ…နည်းနည်းကွဲပြားနေသလိုပဲ” သူက ရှီယွမ်ကို ဂရုတစိုက် ကြည့်လိုက်သည်။ “မင်း ဘာကြားရလို့လဲ? အပြင်ဘက်မှာ ဘာအသံမှ မရှိပါဘူး”
“ဟင်? ခင်ဗျား မကြားရဘူးလား?” ရှီယွမ်က မေးလိုက်သည်။ “အဲ့ဒါက အရမ်းကို ရှုပ်ထွေးနေတဲ့ အသံမျိုး၊ အဲ့အသံထဲမှာ အကုန်လုံးရှိနေတယ်၊ အရမ်း ဆူညံလွန်းလို့ ကျွန်တော် ဘာကိုမှ မစဉ်းစားနိုင်တော့ဘူး”
လုထင်းဟန် : “……” သူက ရှီယွမ်၏ ပုခုံးကို ဖိလိုက်ပြီး အလေးနက်ထားကာ ပြောလိုက်သည်။ “အခု မင်းအခြေအနေက တစ်ခုခုတော့ မှားနေပြီ။ မင်း ဘာကြားရလို့လဲ? ကိုယ့်ကိုပြော”
ရှီယွမ်က သူ့ခေါင်းကို ထပ်ခါလိုက်ပြန်ပြီး ထို အသံ အဝေးကို လွင့်သွားဖို့ ကြိုးစားလိုက်သော်လည်း အရာမရောက်ပေ။ သူက မျက်မှောင်ကို ကျုံ့ထားပြီး ပြောလာသည် “အဲ့ဒါက အင်းဆက်တွေရဲ့ တောင်ပံခတ်နေတဲ့ အသံ…”
သူ ရပ်တန့်သွားသည်။
သူ၏ ရှုပ်ထွေးနေသော ဦးနှောက်သည် အနည်းငယ် ကြည်လင်လာပြီး အတောင်ပံများ၏ အသံသည် သူ့အိပ်မက်ထဲတွင် အကြိမ်ပေါင်းများစွာ ပေါ်ထွက်ခဲ့သော အသံနှင့် အတူတူပင်ဖြစ်ကြောင်း အံ့အားသင့်စွာ သိရှိလိုက်ရသည်!
ယနေ့ညတွင် ထူးဆန်းသောအသံ ထောင်ပေါင်းများစွာရှိနေသည်၊ အမည်မသိအော်သံများ၊ ငွေခေါင်းလောင်းကဲ့သို့ သီချင်းသံများနှင့် သတ္တဝါအုပ်ကြီး၏ ပြုံတိုးပြွတ်ခဲနေသည့် ရှဲရှဲ၊ ရွှမ်းရွှမ်းအသံများရှိနေသည်။
မြို့တော်ပြင်ပရှိ ကြွေကျသွားသော သစ်ရွက်ခြောက်များက ကမ္ဘာမြေကြီးကို နမ်းလိုက်သည့်အသံကို သူကြားနေရသည်၊ ပွင့်ချပ်များက စိတ်အားထက်သန်စွာ ပွင့်နေပြီး လေက ကူးစက်ခံ ငှက်များ၏ အမွေးတိုင်းကို ဖြတ်၍ တိုက်ခတ်လို့နေသည်၊ အရိုးများကို ကိုက်ဝါးနေသော ဧရာမ ဝံပုလွေကြီးများ၊ ဟိ ဝင်နေသော မျက်လုံးခြောက်လုံးနှင့် ကျားသစ်ကြောင်များက တုံးလုံးလှဲနေကြပြီး အသံပြာပြာဖြင့် စိတ်ကျေနပ်နေသည့် လည်ချောင်းသံကို ထုတ်လွှတ်နေပုံက နှစ်လိုဖွယ် အလွန်ကောင်းသည်…ကျယ်လောင်လှသည့် ဆူညံသံအများအပြား အားလုံးက သူ့ဆီသို့ တိုးဝင်လာကြသည်။
ကူးစက်မှုအာနိသင်တန်ဖိုးက တစ်ဟုန်ထိုး မြင့်တက်လာပြီး ဆေး၏ သက်ရောက်မှုကလည်း သူ့စိတ်ကို မူးဝေစေသည်၊ ထိုအခိုက်အတန့်တွင် သူသည် ထိုအသံများက မကောင်းဆိုးဝါးသတ္တဝါများထံမှ လာကြောင်းကို သတိမထားမိလိုက်ပေ။
—သူက လုထင်းဟန်ကိုလည်း ပြောပြလိုက်သေးသည်။
လုထင်းဟန်က ဘယ်လိုလူမျိုးလဲ? သူက အကင်းပါးပြီး သတိရှိသည့်လူမျိုးပင်။
အခြားသူများက ဒါကို အဓိပ္ပါယ်မရှိဘူးဟူ၍ မှတ်ယူကြမည်ဖြစ်သော်လည်း သူ့အတွက်ကတော့ မမှားသင့်သော အမှားတစ်ခုဖြစ်ဖို့ လုံလောက်ပေသည်။ မျိုးစေ့တစ်စေ့ကို မြှုပ်ထားသလိုပင်၊ ယနေ့တွင် မမြင်နိုင်သေးရင်တောင် ထိုအစေ့က အနာဂတ်တွင် အညှောက်ပေါက်၍ အမြစ်တွယ်ပြီး လျှပ်တစ်ပြက် ကြီးထွားလာမည်ပင်။
လုထင်းဟန်က သူ့မျက်လုံးများကို အောက်စိုက်ကာ ရှီယွမ်ကို ကြည့်လိုက်ပြီး ပြောလာသည် “ကိုယ် ဆရာဝန်သွားခေါ်ဦးမယ်”
“ဟင့်အင်း” ရှီယွမ်က သူ့လက်ကို ဆွဲလိုက်သည်။ “ဆရာဝန် ခေါ်ဖို့မလိုဘူး၊ ကျွန်တော်က၊ ကျွန်တော်က ဒီတိုင်း…ကျွန်တော် ဖြစ်ချင်…”
ရှီယွမ်၏ စိတ်ထဲမှ အသံက နားမခံသာအောင် ဆူညံနေ၍ အနည်းငယ်သော ပွက်လောရိုက်ခြင်းကို ပေါ်ပေါက်လာစေပြီး သူ့နှလုံးသားကို မခံမရပ်နိုင်အောင် ယားယံစေသည်။
သူ့ နှလုံးခုန်သံက အရမ်းမြန်နေသည်။
သူ့ သွေးများကလည်း ဖိစီးလို့နေသည်။
“မင်း ဘာလုပ်ချင်တာလဲ?” လုထင်းဟန်က မေးလာလေသည်။
—ကျွန်တော်က တကယ်တမ်းတော့ မကောင်းဆိုးဝါးတစ်ကောင်ဆိုတာကို ခင်ဗျားကို ပြောပြချင်တယ်။
ကျွန်တော်က ကန္တာရကြီးထဲက ချောက်နက် နံပါတ် 0 ။
ကျွန်တော် ခင်ဗျားကို ရှာဖို့ ဒီကိုရောက်လာတာ။
ရှီယွမ်က ပါးစပ်ဟလိုက်ပေမယ့် ဘာစကားမှ ထွက်မလာပေ။
အင်းဆက်ပိုးမွှားတွေရဲ့ အတောင်ပံတွေ တဖျပ်ဖျပ်ခတ်နေသံက ကျယ်လောင်လွန်းလှပြီး တစ်ကမ္ဘာလုံးကို လွှမ်းခြုံလို့သွားသည်။ အိပ်မွေ့ချခံရသူကဲ့သို့ မိန်းမောသွားပြီး သူသည် အိပ်မက်ထဲမှ စင်မြင့်ပေါ်သို့ ပြန်သွားခဲ့သည်။ မကောင်းဆိုးဝါးတစ်ကောင်က သူ့ကိုကြည့်နေပြီး အသံကလည်း ပို၍ ပို၍ နီးကပ်လာလေသည်။
အဲ့ဒါကဘာနဲ့တူသလဲဆိုရင်…သူ့ကို အမှာစကား တစ်ခွန်း ပို့ပေးနေသလိုပင်။
အဲ့ဒါက သူ့ကို တစ်ခုခုကို ပြောပြဖို့ ကြိုးစားနေသည်။
သူ့ကို ပြောဖို့ အသည်းအသန်ကြိုးစားနေပြီး…သူ့ကို သတိပေးချင်နေသည်။
ရှီယွမ်က သူ့ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းကာ ဖယ်ရှားရန် ကြိုးစားလိုက်သော်လည်း အဲ့ဒီလိုလုပ်လိုက်ခြင်းက စကားလုံးများကို ပိုရှင်းလင်းသွားစေသည် :
[သူ့ကို မပြောပြနဲ့]
မကောင်းဆိုးဝါးက ကွဲအက်နေသော အသံဖြင့်ပြောလာသည်။
[သူ့ကို မပြောပြနဲ့] [ငါတို့က တစ်ဖက်တည်းကပဲ၊ မင်းက အမြဲတမ်း ငါတို့ဘက်က၊ မင်း သူတို့ကို မကယ်နိုင်ဘူး] [ဘယ်တော့မှ ဖြစ်နိုင်မှာမဟုတ်ဘူး]
“ရှီယွမ်? ရှီယွမ်!” လုထင်းဟန် ခေါ်နေသလိုပဲ။
ဧရာမဝံပုလွေကြီးက အစားစားနေရာမှ ရပ်တန့်ကာ သူ့ကို လှည့်ကြည့်လာပြီး သူ၏ ချွန်ထက်နေသော သွားများကို လျက်လိုက်သည်။ ငှက်အုပ်များက သူတို့၏ အတောင်ပံများ ခတ်နေရာမှ ရပ်တန့်ကာ အဖြူရောင် မြူခိုးနှင့်တူသည့် အထည်စအကြီးကြီးထဲသို့ ကျသွားကြပြီး မြေကြီးထဲသို့ ပြိုလဲကျကုန်တော့သည်။ သေဆုံးပြီးကြသည့်နောက်၊ နောက်မှောင်နေသည့် မျက်လုံး အလုံးစုံက ရှီယွမ်ကို ကြည့်လို့နေကြသည်။
‘ခရာ’ သေဆုံးသွားသည့် နေ့က မက်ခဲ့သည့် ရှီယွမ်၏ အိပ်မက်ကဲ့သို့ပင်၊ သူတို့၏ မျက်လုံးများက အလင်းရောင်တောက်နေကြပြီး ကြောက်မက်ဖွယ်ကောင်းကာ အရူးအမူးဖြစ်နေကြသည်။
သူတို့က ပြောသည် : [ငါတို့ကို ခွန်အားစွမ်းပကား ပေးသနားပါ]
သူတို့က ပြောသည် : [ငါတို့တွေ မင်းအတွက် ကမ္ဘာကြီးအဆုံးသတ်သည်အထိ ကြယ်တွေ ပျက်စေ သည်အထိ တိုက်ခိုက်ပေးမယ်]
သူတို့က ပြောသည် : [ငါတို့တွေ—အထိ…]
ကြီးမားသော အရိပ်တစ်ခုက သူ့နှလုံးသားကို လွှမ်းခြုံထားသည်။ ရှီယွမ်က လိပ်ပြာသလင်းကျောက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး သူ၏လက်ဖဝါးတွင် ပြတ်ရှမှု အနည်းငယ်ဖြစ်ပေါ်သွားပုံရကာ သွေးထွက်သွားသည်။
— သူ ရုတ်တရက်ပဲ ရင်းနှီးနေသည့် တောင်ပံခတ်သံများက ဘယ်ကရောက်လာသလဲဆိုသည်ကို သတိရသွားသည်။
အဲ့ဒါက…
“ရှီယွမ်!”
သူ့နှဖူးကို ရုတ်တရက် ထိလာသည့် အထိတွေ့တစ်ခုကြောင့် ရှီယွမ် သတိပြန်လည်လာခဲ့သည်။ လုထင်းဟန်၏ နှဖူးက သူ့နှဖူးနှင့် အတူတူ ဖိထားသည်။ သူ့ အရေပြားက အရမ်းပူနေပြီး သူ့အပေါ်ဖိထားသည့် အေးမြသည့် အရေပြားကြောင့် သူ့ကို နည်းနည်းလောက် တုန်သွားစေသည်။
လျှပ်စစ်စီးကြောင်းလေးတစ်ခုက သူ့ကျောရိုးပေါ်သို့ တစ်ဟုန်ထိုး ဆန်တက်သွားလေသည်။
“ကိုယ့်ကိုကြည့်” လုထင်းဟန်က ပြောလာသည်။ “ကိုယ့်ကိုကြည့်၊ အသက်ကို ပြင်းပြင်းရှူ”
ရှီယွမ်၏ မျက်ဝန်းများက ဗလာဖြစ်နေပြီး ရေငွေ့များက ငွေ့ရည်ဖွဲ့နေသည်။
“ကိုယ့်ကိုကြည့်” လုထင်းဟန်က သူ့ခေါင်းကို ဖိထားပြီး သူ့ လေသံက ရှားရှားပါးပါးကို စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နေသည် “မင်းအဆင်ပြေသွားမှာ၊ ဆရာဝန်က ခဏနေ ဒီကို ရောက်လာလိမ့်မယ်”
ရှီယွမ်က လုထင်းဟန်ကို မျက်တောင် မခတ်ဘဲ စူးစူးစိုက်စိုက်ကြည့်နေလေသည်။
အနက်ရောင်သလင်းကျောက်သည် နတ်ဆိုးစီးဝင်သည့်အလင်းတန်းများဖြင့် ထွန်းလင်းတောက်ပနေပြီး အပြာရောင်လိပ်ပြာသည် ဖောက်ထွက်လုနီးပါးပင်။
လေထုထဲမှ ကူးစက်မှု အာနိသင်တန်ဖိုး မြင်တက်လာကြောင်းကို သူတို့နှစ်ဦးထဲမှ တစ်ယောက်ကမျှ သတိမပြုမိကြပေ။ မြို့တော်၏ အပြင်ဘက်ရှိ ကန္တာရကြီးက ဆူညံလို့နေသည်၊ အိမ်ထဲတွင် ပွက်လောညံအောင်တောင်းဆိုနေသည့် မွေးရာပါဗီဇက ခုခံရန် ခက်ခဲလာခဲ့သည်။
ဘယ်လိုပဲ လူသားအယောင်ဆောင်ဆောင်၊ မကောင်းဆိုးဝါးကတော့ မကောင်းဆိုးဝါးပင်။
ဤညသည့် မကောင်းဆိုးဝါးသတ္တဝါများ၏ ပွဲတော်ပင်ဖြစ်သည်။
ရှီယွမ်က သူ၏ ကျားသွားလေးကို လျက်လိုက်ပြီး နူးနူးညံ့ညံ့ ညင်ညင်သာသာလေး ပြောလာသည် “ကျွန်တော် လုပ်ချင်…”
ကျွန်တော် ခင်ဗျားကို ကူးစက်ချင်တယ်။
ကြွေကျနေသော သစ်ရွက်ခြောက်များက သူတို့၏ အမြစ်များဆီသို့ ပြန်သွားသကဲ့သို့၊ ကံကြမ္မာက ကန့်လန့်ကာတွင် တွဲလောင်းကျနေသကဲ့သို့ အရာအားလုံးသည် နောက်ဆုံးတွင် အဆုံးသတ်သို့ ရောက်ရှိလာမည်သာ။ လူသားများ၏ သက်တမ်းက တိုတောင်းလှသည်။ အကယ်၍ သူတို့သာ မကောင်းဆိုးဝါးများဖြစ်လာကြပါက၊ သူတို့၏ ဗီဇများသည် စနစ်တကျမှ ဖရိုဖရဲသို့ ရွေ့လျားသွားလိမ့်မည်ဖြစ်ပြီး ဗီဇပြောင်းလဲမှုများက အချိန်တိုင်းဖြစ်ပေါ်လာမည်ဖြစ်ရာ သူတို့၏ သက်တမ်းကို ကန့်သတ်ထားမည်မဟုတ်ပေ။
ယင်းက ထာဝရအသက်ရှင်လုနီးပါးဖြစ်ပြီး၊ ယခုမှစ၍ ရှင်သန်ခြင်းနှင့်သေခြင်းကို ခွဲခြားနိုင်တော့မည်မဟုတ်ပေ။
‘လောကကြီးက ရက်စက်တယ်၊ ရွှံ့နွံတွေနဲ့ အရိုးစုတွေကြားမှာ ထာဝရအတူတူ နေသွားကြရအောင်လေ’
ရှီယွမ်က လုထင်းဟန်၏ ပုခုံးကို ဆွဲကိုင်လိုက်သည်၊ အလွန်ပြင်းထန်စွာ ဆုပ်ကိုင်ထားရာ သူ့ လက်ချောင်းထိပ်များက အသားထဲသို့ ဖိစိုက်သွားတော့မတတ်ပင်။ ရှည်လျားလှသည့် အမြီး၏ အကြေးခွံများက အမှောင်ထုထဲတွင် ပွတ်တိုက်လို့နေပြီး သတ္တုအချင်းချင်း ရိုက်ခတ်ရာမှ ထွက်သည့်အသံကို ထုတ်လွှတ်နေသည်။
[သူ့ကို ကူးစက်လိုက်]
သူ၏ ဗီဇက ပွတ်လောညံအောင်တောင်းဆိုနေသည်။
[မင်းက အထီးကျန်မှာကို အကြောက်ဆုံးမဟုတ်လား? သူ့ကို ကူးစက်လိုက်၊ အဲ့လိုဆို သူက မင်းရဲ့ ထာဝရပိုင်ဆိုင်မှုဖြစ်သွားလိမ့်မယ်]
ရှီယွမ်က သူ့မျက်လုံးအကြည့်များကို မလွှဲဖယ်ပဲ လုထင်းဟန်ကိုသာ တည့်တည့် စိုက်ကြည့်နေပြီး သူ့အမြီးထိပ်လေးက အနည်းငယ် လွှဲယမ်းလို့နေသည်။ သူက ရုတ်ချည်း သူ့ခေါင်းကို မြှုပ်ကာ လုထင်းဟန်၏ ပုခုံးကို ကိုက်ပစ်လိုက်တော့သည်!
***
မြင့်မားသည့် တောတန်းထဲတွင် ယာဉ်တန်းက မောင်းနှင်နေပြီး ဝံပုလွေလက်သည်းက သူ့ခေါင်းကို အပြင်သို့ ပြူထွက်ကာ လေရှူနေသည်။
“မင်း အနံ့တစ်ခုခု ရလို့လား?” သမင်ဦးချိုက သူ့ကို မေးလေသည်။
“အကုန်လုံးက သောက်ငါးညှီနံ့နံနေတဲ့ ပိုးကောင်နံ့တွေချည်းပဲ” ဝံပုလွေလက်သည်းက ပြန်ဖြေလိုက်သည်။ “သူတို့ ရူးများနေကြတာလား ဒါမှမဟုတ် ငါတို့ကပဲ ပိုးကောင်အသိုက်ထဲ ခေါင်းထိုးမိတာလား?”
“ဘယ်လိုလုပ်သိမှာလဲဟ” သမင်ဦးချိုက သူ့လင်ထဲမှ ပြောင်းချောသေနတ်ကို သုတ်နေသည်။ “ဘာပဲဖြစ်ဖြစ်၊ ငါတို့ အုပ်စုတစ်စုတွေ့ရင် အုပ်စုတစ်စုလုံးကို သတ်မယ်။ ငါ ဒါလေးနဲ့ စမ်းကြည့်ချင်နေလို့”
ဆယ်မိနစ်ကြာပြီးနောက်မှာတော့ ယာဉ်တန်းက ရပ်တန့်သွားလေသည်။
သမင်ဦးချိုက မတ်တပ်ထရပ်ပြီး ဘာဖြစ်သလဲ သွားကြည့်မလို့လုပ်နေသည်။ ရှင်းယီဖုန်း၏ အသံက ဆက်သွယ်ရေးတာမီနယ်မှ ထွက်လာသည် : “ဒုတိယအဖွဲ့၊ ကားပေါ်ကဆင်းပြီး ယာဉ်တန်း အရှေ့ကိုသွား”
သမင်ဦးချိုနှင့် ဝံပုလွေလက်သည်းက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး ကားပေါ်က ဆင်းသွားသည်။ မြေပြင်သည် သစ်ရွက်ကြွေများနှင့် အင်းဆက်အလောင်းများဖြင့် ဖုံးလွှမ်းနေပုံမှာ ထူးဆန်းပြီး ထိတ်လန့်ဖွယ်ကောင်းသည့် ကော်ဇောကြီးလိုပင်။ သန္ဓေပြောင်းအင်းဆက်မျိုးစိတ်က သက်ရှည်မျိုးမဟုတ်ပဲ မကြာခဏ အစုလိုက်အပြုံလိုက်သေတတ်ကြသည်။ သူတို့၏ စစ်ဖိနပ်များက ထိုအရာများအပေါ်သို့ နင်းသွားသည့်အခါတွင် ရွက်ကြွေများနှင့် အင်းဆက်အလောင်းများက တကျွတ်ကျွတ်မြည်နေတော့သည်။
သူတို့တွေ ယာဉ်တန်း အရှေ့သို့ မရောက်သွားခင်မှာပဲ ယာဉ်တန်းက ဘာကြောင့် ရပ်တန့်သွားမှန်းကို သဘောပေါက်သွားကြသည်။
— ဧရာမသစ်ပင်ကြီး နှစ်ပင်ကြားထဲတွင် ခြောက်သွေ့နေသည့် အရေပြားကြီးက တွဲလောင်းကျနေသည်။
အရေပြားခြောက်ကြီးသည် အနက်နှင့် အဝါရောင်ဖြင့် ဖောက်၍ ရက်ထားသလိုပင်ဖြစ်ကာ မီတာဒါဇင်ပေါင်းများစွာမြင့်ပြီး သစ်ကိုင်းများကြားမှ တွဲလဲကျလျက် လေတဖြူးဖြူးတိုက်ခတ်နေသည့်ကြားတွင် တဖျပ်ဖျပ် လှုပ်ခါနေလေသည်။
အံ့ဩထိတ်လန့် ချောက်ချားဖွယ်ကောင်းသည့် အနက်ရောင်သလင်းကျောက်များက ကောင်းကင်ကြီး၏ အလင်းရောင်အောက်တွင် အလင်းပြန်နေသည်။
“…မေလူး” ဝံပုလွေလက်သည်းက ညည်းတွားလာသည်။ “ဘယ်မကောင်းဆိုးဝါးကများ ဒါကြီးကို ချန်ထားခဲ့တာလဲဟ?”
သုတေသီငါးယောက်က နမူနာများကို သွားယူနေပြီး ရှင်းယီဖုန်းက သေနတ်တစ်လက်ဖြင့် မတ်တပ်ရပ်ကာ စောင့်ကြပ်ပေးနေသည်။
လည်ပင်းတွင် မြွေအကြေးခွံရှိသည့် စစ်သားက ပြောလာသည် “ဒါကြီးက အလင်းခရမ်းရောင်ပိုးကောင်က ကျန်ခဲ့တာ။ ငါ သေချာတယ်”
ဝံပုလွေလက်သည်းက ပြောလေသည် “အဲ့ဒါကြီးက သူ့အရေပြားကို ချွတ်လို့ရသေးတယ်ပေါ့လေ?”
“စွမ်းအားကြီးသတ္တဝါတွေက သူတို့ရဲ့ ကြီးထွားဆဲ ကာလမှာ သူတို့ရဲ့ အရေခွံကို ချွတ်ပစ်တတ်ကြတယ် ဘာလို့ဆို သူတို့ရဲ့ အရွယ်အစားက တအားကြီးသွားတဲ့အထိ ပြောင်းလဲသွားကြလို့ပဲ” မြွေအကြေးခွံက ပြန်ဖြေပေးလာပြီး အရေခွံခြောက်ကြီးကို ကြည့်လိုက်သည်။ “ဒါပေမယ့် ငါ ဒီလောက်ကြီးတဲ့ အရေခွံကြီးကိုတော့ မတွေ့ဖူးသေးဘူး…အရမ်း ချဲ့ကားထားတာပဲ။ တောင်တစ်လုံးစာအရွယ် ရှိလောက်တယ်ဟ”
“ငါတို့တွေ ဒါကြီးနဲ့တော့ လုံးဝ ထိပ်တိုက်ရင်မဆိုင်သင့်ဘူး၊ အနိုင်ရဖို့ အခွင့်အလမ်း ရှိမှာမဟုတ်ဘူး” ရှင်းယီဖုန်းက ပြောလေသည်။ “ငါ အခြေအနေကို အမိန့်ပေးထိန်းချုပ်စင်တာကို သတင်းပို့ပြီးပြီ သူတို့တွေက ငါတို့ရဲ့ နောက်ထပ်လမ်းကြောင်းကို လမ်းညွှန်ပေးလိမ့်မယ်”
“အနိုင်ရဖို့ အခွင့်အလမ်းရှိဖို့ကလည်း တကယ်ကို မဖြစ်နိုင်တာပါ” မြွေအကြေးခွံက အရေခွံခြောက်ကြီးကို မမှိတ်မသုန် စူးစူးစိုက်စိုက် မော့ကြည့်နေပြီး မြွေကဲ့သို့ ဒေါင်လိုက်ရှိနေသည့်သူငယ်အိမ်မျက်စံက သားကောင်ကို စိုက်ကြည့်နေသလိုပင်။ “ဒါပေမယ့်လေ၊ ငါဘာကို ဦးနှောက်စားနေသလဲဆိုရင် ဒီအရေပြားကြီးပေါ်မှာ ဘာလို့ မီးကျွမ်းရာတွေ အများကြီးမှအများကြီး ရှိနေတာလဲဆိုတာကိုပဲ”
“မီးလောင်ခံထားရလို့နေမှာပေါ့ကွာ” ဝံပုလွေလက်သည်းက ပြောလေသည်။
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲ့တာမဟုတ်ဘူး…” မြွေအကြေးခွံက တီးတိုးရေရွတ်နေသည်။ “အလင်းခရမ်းရောင်ပိုးကောင်တွေက မီးကိုမကြောက်ဘူး။ ပျားဘုရင်မကြီးနဲ့ ပျားဧကရီဘုရင်မကြီး နှစ်ကောင်လုံးကလည်း နွေးထွေးနေစေဖို့ကို ဂရုစိုက်ကြတယ်။ မီးလောင်တယ်ဆိုင်ရင် အပြင်ပန်းကိုယ်ထည်က မဲသွားရမှာ ဒါပေမယ့် ဒီပုံစံက မီးလောင်ထားတာ မဖြစ်နိုင်ဘူး။ ငါဘယ်လိုထင်နေလဲဆို…” သူက စက္ကန့်အနည်းငယ်လောက် တွန့်ဆုတ်နေခဲ့သည်။ “အဲ့ဒါကြီးက ‘သက်တံ့ဓါး’နဲ့ ထိသွားတဲ့ပုံလားလို့?”
‘သက်တံ့ဓါး’သည် မဟာမိတ်စစ်တပ်၏ အာကာသအခြေစိုက်လေဆာလက်နက်ဖြစ်ပြီး တောင်ဘက်အခြေစိုက်စခန်းနှင့် စခန်းကိုတိုက်ခိုက်ခဲ့သော ကူးစက်ခံ ကိုက်ဖြတ်သတ္တဝါအုပ်စုကို ဖျက်ဆီးပစ်ခဲ့သည်။
“ဟားဟားဟား၊ မင်းကတော့ နောက်ပြီ!” ဝံပုလွေလက်သည်းက မထိန်းနိုင်တော့ပဲ အကျယ်ကြီးအော်ရယ်နေသည်။ “အဲ့ဒီလို တိုက်ခိုက်မှုမျိုးမှာ ရှင်သန်နိုင်တဲ့ သတ္တဝါမျိုးက ဘယ်လိုရှိမှာလဲဟ? သက်တံ့ဓါးက နတ်ဘုရားပဲ၊ ဟုတ်တယ်မလား? အရင်တုန်းက အဲ့ဒီ့ အထူးကူးစက်ခံသတ္တဝါရဲ့ နာမည်လေ ဘာပါလိမ့်? အိုး၊ ဟုတ်သား၊ အဲ့ဒါကို ‘ဟာရီကိန်းဒေါသ’လို့ခေါ်တယ်လေ။ အဲ့ဒါကြီးက ‘သက်တံ့ဓါး’နဲ့ ခေါင်းချင်ဆိုင် ဝင်အောင်းတာများ အသွေးတွေ၊အသားတွေ အကုန်ပြောင်ပြီး အရိုးစုတောင် လေးပုံတစ်ပုံပဲကျန်ခဲ့တာ— အဲ့ဒါက တော်တော်ကို စွမ်းအားကြီးလွန်းတာပါကွာ။ သက်တံ့ဓါးသားရှိနေရင် ဒီလိုဟာကြီးတွေ မြို့တော်ထဲလာတာနဲ့ ဖျက်ဆီးပစ်လိုက်ကြမှာ”
“ဟုတ်ပါတယ်လေ” မြွေအကြေးခွံက သူ့နှုတ်ခမ်းထောင့်များကို ဆွဲတင်းလိုက်ပြီး မရိုးမမှန်သည့် အပြုံးကို ပြုံးပြလိုက်လေသည်။ “အရမ်းကို မဖြစ်နိုင်တာပါ”
“လုံးဝကို မဖြစ်နိုင်တာပဲပေါ့။ ဒါနဲ့ ဒါကြီးက ဘာကြီးလဲ? အလင်းခရမ်းရောင်ပိုးကောင်တွေရဲ့ ပျားဧကရီဘုရင်မကြီးလား ဒါမှမဟုတ် ပျားဘုရင်မကြီးလား?” ဝံပုလွေလက်သည်းက မေးလေသည်။
သူက ရုတ်ချည်း ရပ်တန့်မိသွားသည်။
သူ့ အကြားအာရုံက ထင်ဟပ်တုံ့ပြန်လွယ်သည်ဖြစ်ရာ သူက တစ်ခုခုကို ကြားလိုက်ပုံပေါ်သည်… အင်းဆက်တစ်မျိုးမျိုးရဲ့ တောင်ပံခတ်နေတဲ့အသံ?
ဒါပေမယ့် ထိုအသံက မြန်လွန်းပြီး အလွန်တိုးသည့်အတွက် ထင်ယောင်ထင်မှားဖြစ်နေသည်ဟုပင် သူ့ကိုယ်သူထင်သွားသည်။
“ပျားဧကရီဘုရင်မကြီး၊ အဲ့ဒါရဲ့ အတောင်ပံတွေကို ကြည့်တာနဲ့ မင်းမြင်နိုင်တယ်လေ၊ ပျားဘုရင်မကြီးထက် တောင်ပံနှစ်စုံပိုရှိတယ်” မြွေအကြေးခွံက သူ၏ သေနတ်ပြောင်းဝဖြင့် အတောင်ပံနေရာကို ညွှန်ပြလိုက်သည်။ “ကြည့်၊ အဲ့ဒီ့နေရာမှာ”
ဝံပုလွေလက်သည်းက ထိုနေရာကို ကြည့်လိုက်သည်၊ သူ ရှင်းရှင်းလင်းလင်း မမြင်ရသေးခင်မှာပဲ တောအုပ်ထဲမှ တကျွတ်ကျွတ်မြည်သံကို ကြားလိုက်ရသည်။ ထိုအသံသည် သမင်ဦးချိုက ပြန်ရောက်လာပြီး အင်းဆက်အလောင်းပုံကြီးပေါ်ကို တက်နင်းလာသည့်အသံပင်။
“မင်း ဘာလို့ ဒီလောက် အလျင်လိုနေတာလဲ?” ဝံပုလွေလက်သည်းက မေးလေသည်။ “မင်း အဲ့ဒီ့ ပျားဧကရီဘုရင်မကြီးနဲ့များ ဝင်ဆောင့်ခဲ့မိလို့လား?”
သမင်ဦးချိုက သူ့ကို လျစ်လျှူရှုကာ အလေးအနက်ဖြစ်နေသည့် မျက်နှာပေးဖြင့် လူတိုင်း၏ အရှေ့သို့ လျှောက်သွားလိုက်ပြီး သူ့လက်ကို ဖွင့်ပြလိုက်သည်။
သူ့လက်ထဲတွင် သံကြိုးပါးပါးလေးက ချိတ်ဆွဲနေပြီး သတ္တုပြားတစ်ခုက တွဲလောင်းကျနေသည်။ ထိုအရာသည် မဟာမိတ်စစ်သားများ၏ ‘dog tag’ (စစ်မှုထမ်းအထောက်အထားသတ္တုပြား) ဟူ၍ အများအားဖြင့် လူသိများကြပြီး တစ်ဦးတစ်ယောက်ချင်းစီ၏ အမည်နှင့် ကိုယ်ပိုင်နံပါတ်ကို သတ္တုပြားပေါ်တွင် ရေးထိုးထားသည်။ ကျဆုံးသွားကြသူများ မြို့တော်သို့ ပြန်ရန် လမ်းမရှိတော့သည့်အခါ စစ်သားများက ထိုကျဆုံးသွားကြသူများ၏ dog tag များကို အတူတကွ ယူဆောင်သွားကြမည်ဖြစ်ပြီး သူတို့၏ ဝိညာဉ်များကို သူတို့အိမ်များဆီသို့ ပြန်ပို့ပေးသည့် သဘောကို ဆောင်လေသည်။
“ငါတို့ ရုပ်အလောင်းတစ်ခုကို ရှာတွေ့ထားတယ်” သမင်ဦးချိုက ပြောလေသည်။ “ပျောက်ဆုံးနေတဲ့ အရာရှိတစ်ယောက်ရဲ့ ရုပ်အလောင်းပဲ”
Dog tag က တွဲလောင်းကျနေပြီး သတ္တုအလင်းတန်းတစ်ခု လက်သွားသည် :
[နံပါတ် : C29770
ဗိုလ်ကြီးရှဲ့ချန်းမင်]
YOU ARE READING
ချောက်နက်လေးနှင့် နေထိုင်ခြင်း
RomanceZhùshì shēnyuān [မြန်မာဘာသာပြန်] စာရေးသူ-ကျန်းဝေကျီး Status in COO (124+12 extras)