01

260 33 47
                                    

~ကိုကို ဘယ်မှာလဲ

လင်းခနဲဖြစ်သွားတဲ့ မင်ဟျောင်းရဲ့ဖုန်းကို ဂျဲနိုက အသာငုံ့ကြည့်လိုက်မိတယ်။ မနေ့ကမှ ရည်းစားနဲ့ပြတ်သွားတယ်ဆိုပြီး ဒီနေ့ အသစ်တစ်ယောက်ထပ်ရနေပုံပေါ်တဲ့မင်ဟျောင်းကို ဂျဲနိုက ထူးထွေပြီးလည်း မအံ့ဩတော့ပါဘူး။

~ကိုကိုတို့ တိုက်ရှေ့မှာရောက်နေပြီ

နောက်ထပ်ဝင်လာတဲ့စာကြောင့် ဂျဲနိုက အခန်း ပြတင်းပေါ်ကနေ အောက်ကို လှမ်းကြည့်လိုက်မိတယ်။ ဆံပင်ကနေ အဝတ်အစားနဲ့ ဖိနပ်အထိ ဖြူစွတ်နေတဲ့ ခပ်လှလှ ကောင်လေးတစ်ယောက်ကိုမြင်လို့ ဂျဲနိုရဲ့နှုတ်ခမ်းက အပေါ်ဘက်ကို တွန့်သွားရတယ်။

မင်ဟျောင်း တွဲသမျှ ရည်းစားတိုင်းက အချောအလှလေးတွေချည်းပဲဆိုပေမဲ့ ဒီတစ်ခေါက်ကတော့ မတန်မရာလို့ ခံစားရတဲ့အထိ လှလှကလေးဖြစ်နေလို့ ဂျဲနိုက မင်ဟျောင်းကို ချဉ်လာ‌တော့တာလေ။

ဂျဲနို ကြည့်နေတုန်းမှာပဲ တိုက်ရှေ့က ကောင်လေးက ဖုန်းခေါ်လိုက်လို့ အခန်းထဲက မင်ဟျောင်းရဲ့ဖုန်းက အသံကျယ်ကျယ်မြည်လာတယ်။ ဂျဲနိုက ပြတင်းပေါက်နားကနေခွာပြီး ဆိုဖာပေါ် ဝင်လှဲလိုက်ရင်း...

"မင်ဟျောင်း ဖုန်းလာနေတယ်"

"ဟွန်? ဘယ်သူတဲ့လဲ၊ ကိုင်ပေးပါဦး"

ရေချိုးခန်းထဲကနေ အကူအညီလှမ်းတောင်းနေတဲ့ မင်ဟျောင်းကြောင့် ဂျဲနိုက မျက်မှောင်ကြုတ်နဲ့ ဆိုဖာပေါ်ကနေ လူးလဲထပြီး ဖုန်းကိုငုံ့ကြည့်လိုက်တယ်။

"... နာနာတဲ့၊ မင်ဟျောင်း... ငါ ကိုင်လိုက်ရ..."

ဂျဲနိုရဲ့စကား မဆုံးခင်မှာပဲ ရေချိုးခန်းတံခါးက ဝုန်းခနဲပွင့်လာပြီး ဆပ်ပြာမြှုပ်လုံးချင်းနဲ့ မင်ဟျောင်းက ပြေးထွက်လာတယ်။ နောက်ပြီး ဂျဲနိုရဲ့လက်ထဲကဖုန်းကို ဆွဲလုရင်း...

"အွန်း.. ရောက်ပြီလား"

"...."

"ကိုကိုက တတိယထပ်မှာ၊ တက်လာခဲ့၊ အခန်းနံပါတ် 303..."

"...."

"အခန်းရှေ့ရောက်ရင် ဖုန်းထပ်ဆက်လိုက်၊ ကိုကို ရေချိုးနေတုန်းမို့လို့နော်"

Kiss Me Quick [Ongoing...]Where stories live. Discover now