ဟန်ဘင်းက တကယ်ကို ချစ်ဖို့ ကောင်းလွန်းတဲ့ ကလေးပဲ။ ကျန်းဟောင့် အဲဒါကိုတော့ ဘယ်တော့မှ ငြင်းလို့ ရမယ်မထင်ဘူး။
"မကာအိုမှာဆိုတော့ ကျောင်းတုန်းက အသိတွေလည်း လာရင်လာကြမှာပဲ"
ရီဟာဇယ်အပြီးမှာ ရေသောက်၊ အပန်းဖြေနဲ့ နားနေကြရင်း ပန်းရောင်ပါးလေးတွေနဲ့ ဟန်ဘင်းက သူ့ကို ကြည့်ရင်းနဲ့ ပြောလာတယ်။
"အင်း ငါ့ဆီကိုလည်း လာကြမယ်ဆိုတာကို ပြောထားတဲ့ လူတွေရှိတယ်"
ဟန်ဘင်းက ထောက်ခံချင်သလိုနဲ့ ပြုံးပြရင်း ခေါင်းညိတ်လာတော့ ပါးပေါ်မှာ ကြောင်နှုတ်ခမ်းမွှေးလေးက ထင်းလာပြန်ရောပဲ။ အစကတော့ ဒီအတိုင်းလေး ကျော်သွားဖို့ တွေးလိုက်ပေမဲ့ ကျန်းဟောင့်ရဲ့ အတွေးတွေကို ဘယ်ကမှန်း မသိတဲ့ အဆိုးအညစ်လေးတစ်ခုက အရောင်လာဆိုးသွားလေရဲ့။
"အာာာ ငါ့ရည်းစားဟောင်းတောင် စာပို့သေးတယ်၊ မကာအိုပွဲ လာကြည့်မယ်တဲ့"
"ဟမ်"
ချက်ချင်း သူ့ဘက်ကို ဆတ်ခနဲ လှည့်ကြည့်လာတဲ့ မျက်နှာနဲ့ သိသိသာသာကို တွန့်ကွေးသွားတဲ့ မျက်ခုံးတွေ။ ဆောင်းဟန်ဘင်းက တကယ်ကို ဖတ်ရလွယ်လွန်းတဲ့ စာအုပ်တစ်အုပ်လိုပဲ၊ သူ့မျက်နှာကို ကြည့်လိုက်ရုံနဲ့ သူ့စိတ်ခံစားချက်က ဘယ်လိုမျိုးတွေ ဖြစ်နေပြီလဲ ဆိုတာ အတိုင်းသားတွေ ပေါ်နေရောလေ။
ကျန်းဟောင့် ရယ်ချင်စိတ်ကို ထိန်းလိုက်ပြီးတော့ ဆက်ပြောရတယ်။
"အွန်း တက္ကသိုလ်စတက်တုန်းက ရည်းစားဟောင်းလေ၊ အဲဒီတုန်းက ကောင်းကောင်းမွန်မွန် ဖြတ်လိုက်တာဆိုတော့ အခုထက်ထိ အဆက်အသွယ် ရှိနေတုန်း ဖြစ်နေတာ"
"ဒါပေမဲ့ ဟာအို ပြောတော့.."
"ဟိုလို အတည်တကျ တွဲတာကြီးတော့ မဟုတ်ပါဘူး ဒီအတိုင်း နည်းနည်းပါးပါး အီစီကလီပေါ့ကွာ၊ မင်းလည်း ယောက်ျားပဲ နားလည်မှာပေါ့"
ဒီလိုဒီလိုပဲ ရှိတယ်လေကွာ ဆိုတဲ့ မျက်နှာမျိုးနဲ့ ကျန်းဟောင့်က လက်ကလေး လှုပ်ပြရင်း မေးဆတ်ပြလိုက်ပေမဲ့ ဟန်ဘင်းရဲ့ မျက်နှာကတော့ အံ့သြသွားတဲ့ အရိပ်အယောင်တွေ အခုထက်ထိ မပျောက်သေးပါဘူး။
YOU ARE READING
You're in My Life, What a Wonderful Time!
Hayran Kurgu100% NOT REAL. PURE DELUSION. PURE FANFIC. Delusion is solution 🩷