လေပြေညှင်းလေးတိုးဝှေ့ခဲ့စောအချစ်ပန်း- ဇာတ်သိန်းပိုင်း

7.6K 199 44
                                    

လေပြေညှင်းလေးတိုးဝှေ့ခဲ့သောအချစ်ပန်း - ၃၀
အဆင့်မြင့်ဆေးရုံရဲ့ VIP private room မှာ Due Date မတိုင်ခင် တပတ်အလိုထဲက အနန္တက ကြိုတင်ဆေးရုံတက်ဖို့ ပူဆာနေတာမို့ တစ်မိသားစုလုံး ဆေးရုံရောက်နေကြသည်။ ကလေးမွေးဖို့ ကိုယ်တိုင်က ဒီလောက်မစိုးရိမ်ပေမယ့် ဟိုလူကြီးက ဘေးနားကနေ တအားစိတ်ပူနေတာ အမွှာပူးလေးမို့ ပိုပြီး ဂရုစိုက်ချင်ပုံရသည်။
" ကိုကို ပန်းသီးအခွံခွာလိုက်မယ် စားနိုင်သေးတယ်မလား"
စူစူလေးရေဆေးပေးထားတဲ့ blueberries တွေစားနေရင်း
" Blueberries တွေကုန်အောင်စားလိုက်ဦးမယ်"
ဘေးနားက စားပွဲမှာစာလုပ်နေတဲ့ စူစူလေးက သူပေးထားတဲ့ ဘယ်ရီသီးတွေ ကုန်မကုန်က စာလုပ်ရင်း ခိုးကြည့်နေသေးတာ သူမသိတာပေါ့။ အဖေရော သားရောက သူမကို အမြဲဂရုစိုက်ပေးနေတော့ မိသားစုဆိုတဲ့ နွေးထွေးချိုမြိန်မှုကို တကယ်ကို အဖိုးတန်မှန်းခံစားမိခဲ့ပြီ။ ဒါကြောင့်လဲ သူမ အမွှာလေးတွေမွေးဖို့ ယုံကြည်ပိုရှိပြီး စိုးရိမ်စိတ်လျော့နည်းတာဖြစ်လောက်မည်။
စူစူလေးကို မွေးတုန်းက ဘယ်လိုပဲစိတ်ကအားတင်းထားလဲ အားငယ်စိတ်နဲ့စိုးရိမ်မိတာအမှန်ပင်။
ဆင်ဂယ်လ်မားသားဘဝနှင့်အခုလက်ရှိ ဘေးမှာ အားကိုးပြီးချစ်ပေးတဲ့ သားလေးနဲ့ ဟိုလူကြီးတို့နဲ့ရှိတဲ့ဘဝ ခြားနားမှုက လုံးဝကိုကွဲပြားသည်။ အချစ်ခံရမှု၊နွေးထွေးကြင်နာမှု၊ ကိုယ်တိုင်ကလည်း ချစ်ပေးနေရတဲ့ခံစားမှု ဒါတွေက ဘဝရဲ့အဓိပ္ပာယ် သူမရဲ့တည်ရှိမှုဆိုတာ ပိုပြီးသိမြင်လာတာ။
ကြည်နူးစိတ်နဲ့အတူ ဘေးမှာရှိနေတဲ့ သားအဖနှစ်ယောက်ကို သေချာစိုက်ကြည့်နေလိုက်သည်။
စူစူလေးက စာကိုသေချာအာရုံစိုက်ပြီးလုပ်နေသလို ဟိုလူကြီးကလည်း ပန်းသီးကို လှတပတ စားချင့်စဖွယ်ဖြစ်အောင်ပုံဖော်နေသည်။ သွေးကြောလေးတွေထင်းနေအောင်ပေါ်ပြီး လက်ချောင်းဖြူဖြူရှည်ရှည်တွေက မီလီယံချီတန်နဲ့ စာချုပ်ပေါ်လက်မှတ်ထိုးပေးသည့်အပြင် မိန်းမအတွက် ပန်းသီးသင်ပေးနေတာကို တွေးမိတော့ အချစ်ပန်းပြုံးမိသည်။ တချိန်တည်း သူတို့စတွေ့ချိန်ကိုလည်း ပြန်လည် သတိရသွားမိသည်။ အဲ့ဒီတုန်းက သူမခန္ဓာကိုယ်နဲ့အလဲအလှယ်လုပ်တဲ့ စာချုပ်ပေါ် အတူတူလက်မှတ်ထိုးပေးခဲ့သည်။ ရှက်စိတ်တွေနဲ့ကြောက်ရွံ့မိသလို အားကိုးချင်ပြီး Crushခဲ့ပေမယ့် မဖြစ်နိုင်လို့ အကြိမ်ကြိမ်သတိပေးခဲ့သည်။ စိတ်ကူးတောင်မယဉ်ဖူးပဲ အခုတော့ ထိုလူနဲ့ ကလေး ၃ ယောက်ရတော့မည်။ ဘဝမှာ တကြိမ်ထဲ သာယာလှပတဲ့ လေပြေလေးဖြစ်တာမို့ အမြဲတမ်းဆုပ်ကိုင်ထားချင်ပါသည်။
" အင့် ပန်းသီးရော စားလိုက်ဦး မနက်စာလည်း သိပ့်မစားဘူး။
အချစ်အစားစားတဲ့ပုံကို သိပ့်အားမရဘူး"
ပန်းသီးပန်းကန်ကို ကုတင်ပေါ်က စားပွဲသေးသေးလေးပေါ်တင်လိုက်ရင်း ဗိုက်ပူပူလေးကိုလည်း လက်ဖြင့်အုပ်ကာ ဖွဖွလေးပွတ်ပေးနေသေးသည်။
" အများကြီးစားရင် တကယ်ဗိုက်ကိုမနိုင်တော့ဘူး"
သူမလည်းဗိုက်လေးကို ပွတ်ရင်းပြောလိုက်တော့
" ဆေးရုံအောက်ကပန်းခြံထဲမှာ လမ်းခဏလျှောက်ကြမလား"
" ပါး စူစူရောလိုက်ခဲ့မယ်ဗျ"
" ဟုတ်ပါပြီ တူတူသွားကြရအောင်"

ပန်းခြံထဲရောက်တော့ အနန္တက သူမကိုယ်လေးကို လက်တဖက်ဖြင့် ပုခုံးကိုသေချာထိမ်းကိုင်ပြီး တဖက်ဖြင့် သူမရဲ့ ပူတင်းလုံးဝန်းနေသော ဗိုက်ကြီးကြီးလေးကို အောက်နေဝိုက်ပြီး ပိုက်ထားပေးသည်။ သူမကိုယ်တိုင်လည်း နာနေတဲ့ ခါးကိုလက်ဖြင့်ထောက်ပြီး ကျန်တဲ့ဖက်ဖြင့် စူစူလေးရဲ့ နူးညံတဲ့လက်သေးသေးလေးကိုသေချာဆုပ်ကိုင်ထားသည်။ ပန်းခြံထဲက တခြားလူနာတွေရဲ့ မိသားစုတွေကို မြင်တော့ မမကိုလည်းသတိရသွားသည်။ လွန်ခဲ့တဲ့လက မမ ပြင်ပခရီးစဉ်သွားချင်လို့ဆိုပြီး ထွက်သွားတာ၊ ဘေးမှာမမကိုရှိစေချင်ပေမယ့် ရှားရှားပါးပါး ခရီးသွားချင်စိတ်ကလေးကို အနှောက်အယှက်မဖြစ်စေချင်တာ ကြောင့် မတားလိုက်ပေ။ အွန်လိုင်းကနေ အဆင်ပြေကြောင်း စာတွေပို့ပေးပေမယ့် video callတောင် မမက မခေါ်ပေ။
ဆရာဝန်တွေပေးထားသည့် due date အတိုင်းပဲ အမွှာကလေးလေးနှစ်ယောက်ကို ခွဲစိတ်စရာမလိုပဲ ရိုးရိုး ပဲ(vaginally ) အောင်အောင်မြင်မြင်မွေးဖွားနိုင်ခဲ့သည်။ ကလေးတွေရော မိခင်ပါ ကျန်းကျန်းမာမာရှိနေပေမယ့် အနန္တက ၂၄ နာရီအပြည့်ဆရာဝန်တွေရှိတဲံတစ်လလောက်ဆေးရုံမှာ နေပါဦးဆိုလို့ ဆက်နေဖြစ်သည်။ VIP အခန်းမို့ အခန်းကလည်းကျယ်ဝန်းပြီး Private Bathroom, Living roomရှိတာမို့ အဆင်ပြေသည်၊ Condo တွေမှာနေရသလို သန့်ရှင်းတာမို့ သူမ စိတ်အနှောက်အယှက်ဖြစ်မနေပါ။
ဒေါ်တုနှိုင်းရတီရော မိုးမြေသစ္စာပါရောက်လာတာမို့ သူမ နည်းနည်းတော့ အံဩသွားသည်။
အရိပ်တကြည့်ကြည့်ကြည့်နေတဲ့ အနန္တက ဒါကိုသတိထားမိသွားပြီး
" မေမေနဲ့ မိုးမြေပါလား လာမှာကြိုတော့ဖုန်းမဆက်ဘူး"
" ဘာလို့မဆက်ရမှာလည်း ဆက်ပါတယ်နော် သူကဖုန်းမကိုင်ပဲနဲ့"
မိုးမြေပြောမှသူလည်း ဖုန်းကိုသတိရသွားတာ အခန်းထဲကိုပြောင်းလာပြီးကတည်းက ကလေးတွေနဲ့ အချစ်ပန်းကို ဂရုစိုက်နေရတာကြောင့် ဖုန်းပင်မကိုင်အား ပြီးတော့ ဆိုင်းလန့် လုပ်ထားသေးတယ် ဖုန်းမြည်သံကြောင့် ကလေးတွေ လန့်သွားမှာစိုးလို့ပင်။
မေမေက သူလက်ထဲချိုင့်တခုကမ်းပေးရင်း
" ငှက်သိုက်ကိုမေမေကိုယ်တိုင် ကျိုလာတာ နွေးနွေးလေးဖြစ်အောင် လုပ်ပြီး အချစ်ပန်းလေးကိုတိုက်လိုက်"
သူမကိုယ်တိုင်လည်း အချစ်ပန်းဆီ ရောက်လာကာ
" နေကောင်းတယ်မဟုတ်လားသမီး ၊ အရမ်းပင်ပန်းသွားပြီ တခုခုနေလို့မကောင်းရင်ပြောနော်၊ စားချင်တာရှိရင်လည်းပြော မေမေကိုယ်တိုင်ချက်ပေးမယ်"
" ဟုတ် ကျေးဇူးပါ အန်တီ"
" တို့လည်း အချစ်ပန်းအတွက် ပန်းတွေဝယ်လာတယ် ၊ ပန်းအိုးထဲမှာ ထိုးပေးမယ်နော်"
" ကျေးဇူးပါ မမ မိုးမြေ"
" ကျေးဇူးတင်ဖို့မလိုပါဘူး ကလေးလေးတွေကြည့်လိုက်ဦးမယ်နော်"
မိုးမြေရော ၊ အန်တီရော ကလေးလေးတွေကိုကြည့်နေစဉ် အနန္တက သူမကိုငှက်သိုက်စားဖို့ ခွန့်ကျွေးနေတာမို့ စားလိုက်သည်။
ကလေးလေးတွေက နီတျာရဲလေးတွေ၊ အရမ်းငယ်ပြီး နုနေသေးတာမို့ ဘယ်သူနဲ့တူလဲဆိုတာတောင် မပေါ်လွင်သေး။
' ဟဲ့ အနန္တ နင့်မှာ ကလေး ၃ ယောက်တောင်ရှိနေပြီ တစ်ယောက်လောက် ငါမွေးစားဖို့ အမွေစားအမွေခံပေးပါ့လား"
ကလေးလေးတွေကြည့်ရင်းပျော်ရွှင်စွာပြောနေသည့် သူငယ်ချင်းမကြောင့် ဘယ်လိုတုန့်ပြန်ရမှန်းမသိ။
သူမက ချစ်သူနဲ့ကလေးလေးကိုဆုံးရှုံးထားရတာမို့ ကလေးလိုချင်မှန်းသိပါသည်။ သူငယ်ချင်းခံစားချက်တွေကို နားလည်ပေမယ့် သူ့သမီးလေးတွေကိုတော့ ဘယ်သူ့မှ မပေးနိုင်ပါ၊ ခုချိန်ကလေးတွေက လိုက်သွားချင်တယ် ထအော်တောင် ပေးဖို့ စိတ်ကူးလုံးဝမရှိ။
"ငါ့သမီးတွေ ဆယ်သက်စားမကုန်အောင် ငါကရှာပေးမှာမို့ အဲ့အတွက် နည်းနည်းလေးတောင်စိတ်မကူးနဲ့ လိုချင်ကိုယ့်ဘာသာမွေး"
" ဟဲ့ သား မိုးမြေက စနေတာကို"
"အေးလေ နင်ကလည်း"
" မသိဘူး မစနဲ့"
ကလေးတွေကြည့်နေတဲ့နှစ်ယောက်က သူ့ကိုမျက်စောင်းကြီးလှမ်းချိတ်တော့ မသိဟန်ဆောင်ကာ မိန်းမကိုပဲ ငှက်သိုက် ဆက်ပြီးခွန့်နေလိုက်တော့သည်။ တော်သေးသည် စူစူလေးကျောင်းသွားနေသည်မို့ ၊ ပုံထဲပဲစူစူလေးကို မြင်ဖူးတာ အပြင်မှာတွေ့ရင် ကလေးကို တခါထဲဆွဲခေါ်သွားနိုင်လောက်သည်။
အနန္တပြောပြထားလို့ မိုးမြေအကြောင်းသိနေတဲ့ အချစ်ပန်းလဲ တဖက်ကိုအားနာသွားသည်။
"ကိုကိုကလည်း ဟိုက တကယ် စနေတာကို"
" မိန်းမလေး မိန်းမလေးက ကလေးတွေကို တကယ်မနှမြောဘူးလား"
" စနေတာ သိသာကြီးကို"
" မသိဘူးကွာ ကိုကိုက ကိုကိုကို့ မိသားစုထဲက တစ်ယောက်ယောက်ကို ဆွဲထုတ်သွားမှာဆိုတာ စိတ်ကူးနဲ့လဲတွေးလို့မရဘူး စတာလည်း မကြိုက်ဘူး ခုတောင်ရင်တွေနာနေပြီ"
" နည်းနည်းပဲ ကဲ လူကြီး"
" အဲ့တာ အရမ်းချစ်လို့လေ"
ပြောလဲပြော သူမ နှုတ်ခမ်းလေးကိုလည်း လှမ်းနမ်းလိုက်သေးသည်။ တော်သေးတယ် ဒေါ်တုနှိုင်းနဲ့ မမိုးမြေတို့ကလေးတွေဆီ အာရုံရောက်နေလို့။
................
အိမ်ပြန်ရောက်တော့ နာနီ ငှားမယ်ဆိုတာကို အကဲပိုလွန်းတဲ့ လူကြီးက သူ့ဘာသာ တာဝန်ယူမယ်ဆိုပြီး ဇွတ်ကြီးကလေးတွေကိုကြည့်ပေးတာကြောင့် အိပ်ပျက်များနေတာ အသိသာကြီး။ ညဘက်ဆို နို့တိုက်ချိန်နဲ့ သူမ မအိပ်သေးခင်အချိန်ထိပဲ ကလေးတွေကို သူမအခန်းထဲထားသည်။ သူမအိပ်ချိန် ၁၀ နာရီထားပြီး ၁၀ နာရီထိုးတာနဲ့ ကလေးတွေအိပ်နေသည်ဖြစ်စေ မအိပ်ပဲနေသည်ဖြစ်စေ အခြားအခန်းထဲ သူနဲ့အတူတူထားပြီးထိန်းပေးသည်။ ညဘက်ငိုလို့ ဒိုက်ဘာလဲ နို့ဗူးတိုက်ကို သူပဲကြည့်တာမို့ သူမ ဘာမှသိပ့်မပင်ပန်း။ စူစူလေးကိုလည်း သူမနဲ့အတူတူအိပ်စေတာမို့ စူစူလေးက ပျော်လို့မဆုံးတော့၊ ညတိုင်းသူမကို ဖက်ကာအိပ်တော့သည်။ နေ့ခင်းဘက်တော့ ဒေါ်တုနှိုင်းရတီက ကလေးလာကြည့်ပေးသည်။
" မိန်းမ ကိုကို မီတင်ရှိလို့ ဒီနေ့ စောစောလေး အလုပ်သွားမယ်နော်၊ ကလေးတွေ အိပ်တုန်းရှိသေးတယ်၊
မိန်းမ မနက်စာကို ခုချိန်စားရင် အတော်ပဲ ကလေးတွေ မနိုးခင်လေ"
" ဟုတ်ပါပြီ စူစူလေးရော ? မနက်အစောကြီးထနေတယ် ခုတလော"
" အွန်း သားကြီးက golf ရိုက်သွားချင်တယ်ဆိုလို့ နောင်ရိုးကိုလိုက်ပို့ခိုင်းလိုက်တာ ၇ခွဲဆို ပြန်လာမှာ"
" စူစူလေးကို တအားတွန်းအားမပေးပါနဲ့ ကလေးသဘာဝ ဆော့ချင် အိပ်ချင်မှာပဲလေ"
" သားကြီး အကြောင်းကိုလဲ သိသားနဲ့ ကိုယ်တားတာတောင်မရရဘူး၊
သားကြီး ဘာပြောလဲသိလား " မားကို မပြောချင်ဘူး မားက မသွားနဲ့လို့ပြောရင် သူမငြင်းနိုင်မှာမို့တဲ့ Golfတအား ရိုက်ချင်တာလို့ပြောတယ်"
ဒါကိုတော့ သူမယုံပါသည် ၊ စူစူလေးက သူလုပ်ချင်တာ ယုံကြည်ရာကိုတော့ တစိုက်မတ်မတ်နဲ့ အရွယ်နဲ့မလိုက်အောင် အကောင်အထည်ဖော်လေ့ရှိသည်။
" ဟုတ်ပါပြီ တပတ်ကို ၃ ရက်လောက်ပဲ ပေးဆော့လေနော်၊ "
" ကိုကို သိပါပြီ အဲ့လိုလုပ်လိုက်မယ်၊ ခုတော့ မိန်းမလေး မနက်စာစားလိုက်ဦး။
ကိုကို သွားပြီ"
နဖူးလေးကို ခပ်ဖွဖွလေးနမ်း ပြီး ထွက်ခွာသွားသည့် ကျောပြင်ကြီးကို ကြည့်ရင်း ယခုပင် ထိုလူကို လွမ်းနေပြီ။ အဲ့လူကြီး အကျင့်ပုတ် သူမအနားတတွတ်တွတ်ကပ်ပြီး ကြင်နာပြနေတာကြောင့် ဘေးနားမရှိရင်ကို လွမ်းနေတတ်ပြီ။
ဖုန်းကို ကိုင်ကြည့်ရင်းမမဆီကို သမီးလေးတွေပုံပို့ဖို့သတိရတာမို့ အရင်ကရိုက်ထားသည့် ပုံလေးတွေကို ပို့လိုက်ပြီး မနက်စာစားဖို့ထွက်လာခဲ့သည်။
.......................................
" ယောကျာ်းလေးတဲ့"
မိုးသွန်း ဗိုက်ထဲက ကလေးလေး ၄ လပြည့်ပြီမို့ genderကြည့်ဖို့ဆေးရုံကိုလာခဲ့တာ။
ဘာလေးနေနေ သူမနှစ်သက်ပေမယ့် သုခအိမ်ဆိုရင်ရော သားလေးလား သမီးလေးလား ဘယ်သူ့ကိုပိုလိုချင်မလဲ အရအမိစဉ်းစားလိုက်သေးသည်။
သူမအများကြီးတွေးခဲ့သည် တကယ်ကိုအများကြီး။
ကလေးရဲ့အနာဂတ်၊
သူမရဲ့စိတ်ဆန္ဒအတွက်။
ဒါကြောင့်လဲ ပေါ်လာတော့မည့်ဗိုက်ကို မွေးဖွားခါနီးညီမလေးသိပြီး စိတ်မကောင်းမဖြစ်စေချင်တာမို့ ပြည်ပခရီးထွက်တာဆိုပြီး တကယ်တမ်းက ဘယ်မှမသွားဖြစ်။
ချမ်းသာသည့် အသိုက်အဝိုင်းနေသည့်နေရာတွေနှင့် သူမတို့ တိုက်ခန်းက တကူးတကလာမှတွေ့မှပဲ တွေ့လို့ရလောက်အောင် ဝေးသည်မို့။
ချစ်စရာအမွှာလေးတွေကို ပြေးတွေ့ချင်သည်မှု ပြောဖွယ်မရှိ။
အခုတော့ မျှော်လင့်ချက်နည်းပေမယ့် စမ်းကြည့်ချင်တာမို့ သုခအိမ်နဲ့ တွေ့ဖို့ချိန်းလိုက်သည်
ဆေးရုံကအပြန် ကော်ဖီဆိုင်မှာ တွေ့ဖို့လိုသည်ပြောကာချိန်းလိုက်သည်။
ဗိုက်ထဲက တည်ရှိမှုလေးကိုမြင်ပြီး စိတ်ပြောင်းလဲသွားနိုင်တာမို့ ဗိုက်ဖုံးအင်ကျီ လေးကိုတောင်ဝတ်လာခဲ့သေးသည်။
စောင့်နေတာ ၁ နာရီကြာပြီ။
ကော်ဖီဆိုင်က ထောင့်စွန်းလေးမှာ ပင်မှည့်သီးဖျော်ရည်နဲ့ ကိတ်လေးစားရင်း အစားအသောက်တွေတောင်ကုန်နေပြီ။
နောက်ထပ် နာရီဝက်လောက်စောင့်ကြည့်မယ်ဆိုပြီး
အချိန်ထပ်ပေးဖို့ ဆုံးဖြတ်လိုက်မိသည်။
သူကိုယ်တိုင် လာမယ်လို့ မတ်ဆေ့ပို့လိုက်တာမဟုတ်လား။
နောက်ထပ် နာရီဝက်စောင့်နေလိုက်သေးသည်။
မလာတော့လောက်ဘူးဆိုကာ ပိုက်ဆံအိတ်ကို ဆွဲပြီးပြန်မယ်လုပ်မှ အမောတကောနဲ့ ရောက်လာသည့်လူ။
" ဆောရီး ကျနော် နောက်ကျသွားတယ်"
" အာ ရပါတယ် သွန်းလည်းနောက်ကျမှရောက်တာ ဆေးရုံဝင်နေလို့လေ"
" ဟုတ်လား ဆောရီးပါဗျာ မင်ဂလာဝတ်စုံရွေးနေလို့လေ"
" ဟင်"
" ဟုတ်တယ် ကျနော် babyနဲ့ လက်ထပ်တော့မှာ"
သူမ ပျက်သွားသည့် မျက်နှာကို အမြန်ပင် ပြင်လိုက်နိုင်တာမို့ တော်သေးသည်။
" ကျနော်နဲ့တွေ့ဖို့က အရေးကြီးတယ်ဆိုလို့ ဘာလဲ"
သူမကိုယ်ဝန်ကိုပင် သတိမထားမိလောက် အင်းလေ သူမက ထိုင်နေသည်ကိုး။
ကိုယ်ဝန်ကလည်း ၄ လဆိုပေမယ့် ခပ်စူစူလေးသာရှိသေးသည်။
ဗိုက်ဖုံးကလည်း မသိရင် ခပ်ပွပွပုံစံဖြစ်နေတာကိုး။
" အာ ဟုတ်လား Congratulation! ပါ"
" ကျေးဇူးပါ အရေးကြီးပြောစရာရှိလို့ဆို"
"အော် ဟုတ်တယ်၊ တို့ နိုင်ငံခြားအပြီးသွားတော့မှာမို့ နောက်ဆုံးသေချာလေးနှုတ်ဆက်ချင်လို့ပါ"
သူမကိုယ်သူမ အကယ်ဒမီပေးချင်စိတ်ပေါက်သွားသည်။ ဘယ်လိုတောင် လိမ်ပြောဖို့ လျောလျောလျူလျူ ထွက်လာရတာတုန်း။
" အော် ကျနော်တောင် ဖိတ်စာပို့ဖို့စိတ်ကူးနေသေးတာ၊ သူငယ်ချင်းအဖြစ်နဲ့လေ"
" ပွဲတက်ပြီး ဂုဏ်ပြုပေးချင်ပေမယ့်လဲ သွားဖို့ရက်ကနီးနေတာမို့လေ"
" ဟုတ်ပနော် ဒါဆိုလဲ စာမျက်နှာအသစ်မှာ ပျော်ရွှင်မှုတွေ အများကြီး ပိုင်ဆိုင်ဖို့ဆုတောင်းပေးပါတယ်ဗျာ"
သေချာတာပေါ့၊ ဗိုက်ထဲက ကလေးလေးနဲ့ ပျော်စရာသားအမိအဖြစ် သူမကြိုးစားမည်။
" ကျေးဇူးပါ၊ သုခလည်း အစစ အရာရာ အကုန်အဆင်ပြေဖို့ စိတ်ရင်းနဲ့ဆုတောင်းပေးပါတယ်"
" ဟုတ်ကဲ့ ကျေးဇူးပါဗျာ၊ ကဲ ဒါဆို ကျနော့်ကို အရင်ပြန်ခွင့် ပြုပါဦး၊ ဝတ်စုံရွေးတဲ့နေရာမှာ သတို့သမီးလောင်း ကိုထားခဲ့ပြီး ထွက်လာတာမို့ သူမ စိတ်ကြိုက်မတွေ့သေးလို့"
" ဟုတ်ပါပြီ ဂရုစိုက်သွားပါ"
ထွက်သွားတဲ့ ပုံရိပ်လေးကိုကြည့်ရင်း မျက်ရည်တွေက သူ့အလိုလိုကျလာတော့သည်။
သူမနဲ့အတူတူရှိမနေနိုင်ဘူးဆိုတာ မျှော်လင့်ခဲ့ပေမယ့် တကယ် တခြားသူနဲ့ လက်ထပ်တော့မယ်ဆိုတာက သူမအတွက် ရွေးချယ်ဖို့ အခွင့်မရှိတော့။ ဝမ်းနည်းမှုတွေပိုပြီးလှိုက်တက်လာကာ နှာသီးဖျားတွေပါ ကျဉ်ထုံသွားသည်။ ရှေ့မှာမြင်သမျှကလည်း မျက်ရည်တွေကြောင့်ဝေဝါးသွားသည်။
ခေါင်းငုံလိုက်သည်မို့ ကျလာသည့်မျက်ရည်ပေါက်တွေက ဗိုက်စူစူလေးပေါ်သာ စိုကွက်သွားသည်။
မိုးသွန်းပန်း တကယ်ပဲ ချစ်ရသူ ကလေးလေးဖေဖေကိုလက်လွှတ်လိုက်ရပြီ။
မကွာရှင်းခင် အရင်စောရောက်လာရင်ကောင်းသားကွယ်။
သူမအခု အမိအရဖမ်းဆုပ်လိုက်တဲ့ အသက်ပိစိလေးကို နာကျင်စေမိသလို သူမကိုယ်တိုင်လည်း နာကျင်ခဲ့ပြီ။
နောင်တတော့ လုံးဝမရပါ။ အချိန်တခုကြာတဲ့အခါတော့ အခုချိန် နာကျင်စရာတွေက ပျောက်ကွယ်သွားမှာမလား။
ဆိုင်ထဲကထွက်ခွာလာပြီး အချစ်ပန်းဆီကို မတ်ဆေ့တခုထပ်ပို့လိုက်သည်။
" ညီမလေးရေ မမ ခရီးထွက်ရတာ ကြိုက်လာလို့ နောက်ထပ်တနိုင်ငံကို ဆက်သွားလိုက်ဦးမယ်။
ကမ္ဘာပတ်လိုက်ဦးမယ်နော၊ မောမှ တူမလေးတွေကိုလာတွေ့တော့မယ် ၊ ဂရုစိုက်နော် ချစ်တယ် ညီမလေးကို (အသဲပုံ) "
.................
ဝင်လာသည့် မတ်ဆေ့ကြောင့် အချစ်ပန်း ပြုံးလိုက်မိသည်။
မမမိုးသွန်းက တကယ်ပဲ ဝါသနာအသစ်ကိုကြိုက်နေသည်ထင်ရဲ့။
ဘာပဲဖြစ်ဖြစ် မမပျော်လို့ သူမလည်းကျေနပ်သည်။
၄ နှစ်ဆိုသည့် အချိန်ကတကယ့်ကိုခဏလေး။
အနန္တနဲ့ အချစ်ပန်းတို့ရဲ့ လက်ထပ်ပွဲနေ့။
ဒီပွဲကို ပြင်ဆင်ခဲ့တာ ၂ နှစ်တောင်ကြာသည်။ အဓိက က နေရာရွေးနေခဲ့လို့
" ချစ်ခြင်းဝေဆာ" နဲ့ " အကြင်နာဝေဆာ" ဆိုသည့် သမီးအမွှာလေးတွေကို သူမတို့ရွေးထားသည့် နေရာလေးခု ပုံထဲက တခုရွေးခိုင်းလိုက်တော့ နှစ်ယောက်လုံးက ဟာဝိုင်အီကျွန်းကိုပဲရွေးလိုက်တာမို့ အဲ့မှာပဲစီစဉ်လိုက်ကြတော့သည်။ ပွဲကလည်း Private ဆန်လွန်းသည်။ ဘယ်မီဒီယာမှမဖိတ်၊
ဒါကလည်း အနန္တရဲ့ ဖိုးဖိုး အရင်သမ္မတဟောင်းရဲ့ အကြံပေးမှုပင်။
သူ့ရဲ့မိတ်တွေတွေဖြစ်တဲ့ တခြားနိုင်ငံမှ သမ္မတဟောင်းတွေ ဘုရင်တွေကိုဖိတ်လိုက်တာကြောင့်ဖြစ်သည်။
ကျန်တာက စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့ မိသားစုအရင်းတွေချည်းပင်။
သေချာတာပေါ့ အချစ်ပန်းဘက်ကတော့ မမနဲ့ သူမရဲ့ သားသားလေး "မဟာအံဖွယ်" တို့ပဲ တက်ရောက်လာကြသည်။အံဖွယ်လေးကို မမက ဂျပန်မှာပဲ ပြုစုပျိုးထောင်ခဲ့သည်။ သူမတို့ကိုယ်တိုင်လဲ ကလေးလေးရပြီး ၆ လအကြာမှသိရတာပင်။ စိတ်ဆိုးလိုက်ချင်ပေမယ့် မစိုးရက်။
ကလေးတစ်ယောက်ထဲ ပြုစုပျိုးထောင်ရတာ ဘယ်လောက်ပင်ပန်းလဲ ကိုယ်တိုင်အသိမလား။
မမဘယ်အရပ်မှာနေနေ သူမနဲ့ ကလေးတွေက မမအတွက်ရပ်တည်ပြီးသားမလား။
ရှေ့ဆုံးတန်းကထိုင်နေတဲ့ မမကို မင်ဂလာစဉ်မြင့်ပေါ်ကနေ သူမလည်းလှမ်းကြည့်တော့ မမက မျက်ရည်တွေဝေ့ရင်း ပြုံးပျော်နေတာမြင်မှ သူမကျေနပ်သွားသည်။
" ကဲ သတို့သားက သတို့သမီးကို နမ်းလို့ရပါပြီ"
ကမ္ဘာပေါ်က အကောင်းဆုံး အနမ်းနဲ့ အချိန်လေး ၊ သူမ မျက်လုံးလေးမမှိတ်ခင် ကိုကိုရဲ့ အနောက်မှာ ရှိတဲ့ ကလေး ၃ယောက်ကိုလှမ်းကြည့်တော့ စူစူလေးက လက်မထောင်ပြပြီး သမီးလေး ၂ယောက်က လက်ခုပ်တီးရင်း ရယ်နေကြသည်။
နှုတ်ခမ်းနှစ်စုံ ထိမိချိန်မှာတော့ ရင်ခုန်သံတွေက ပစိဖိတ်သမုဒ္ဒရာရဲ့ လှိုင်းသံတွေနဲ့အတူ ထပ်တူကျသွားသည်။ သမုဒ္ဒရာကိုဖြတ်ပြီးတိုက်ခတ်လာတဲ့ လေပြေအေးအေးလေးက နွေးထွေးတဲ့ ထိုလူသားနဲ့ ရင်ခွင်ကြားပျောက်ကွယ်သွားပြီဖြစ်သည်။
...................
ပြီးပါပြီ။
နောက်ဆုံးပိုင်းကို အခက်အခဲတွေ အချိန်မရတာတွေကြောင့် ရေးဖို့ အတော်လေးကြာသွားလို့တောင်းပန်ပါတယ်။
စိတ်ရှည်ရှည်နဲ့ဖတ်ပေးလို့ကျေးဇူးပါ။
အကယ်လို့ အကယ်လို့ပေါ့နော် Extra တစ်ပိုင်းရေးပေးမယ်ဆို ဘယ်အတွဲအတွက်ရေးစေချင်လဲ။
အချစ်ပန်း or မိုးသွန်းပန်း ?
ဒီအဆုံးသတ်လေးနဲ့ ကျေနပ်တယ်ဆိုရင်တော့
ကိုယ် နောက်ထပ်အသစ်တပုဒ် Normal မဟုတ်ပဲ BL -ABO ပုံစံလေးရေးဖို့စိတ်ကူးထားပါတယ်။
Have a beautiful day!

🎉 You've finished reading လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်း 🎉
လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်းWhere stories live. Discover now