လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်း - ၅

7K 145 3
                                    

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်း - ၅
ရက်သတ္တပတ်အကြာ ထိုင်းမှာ ကြော်ငြာရိုက်အပြီးမှာတော့ အချစ်ပန်းနဲ့မန်နေဂျာ K မြို့တော် နိုင်ငံတကာလေဆိပ်ကိုပြန်ရောက်ရှိလာပြီဖြစ်သည်။ Migration ကိုဖြတ်အပြီး Gate ပေါက်ဝမှာမြင်လိုက်ရတဲ့ လူတစ်ဦးကြောင့် ရင်ခုန်မိသွားသည်။ သူက ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူ့လို လူမျိုးက လေဆိပ်မှာ လာကြိုတယ်ဆိုတာဖြစ်နိုင်ပါ့မလား။ လက်ထဲမှာလဲ ပန်းနေကြာပန်းစည်းလေးကိုင်ထားတဲ့သူက အရမ်းကြည့်ကောင်းလွန်းလှသည်။ သူမလက်လှမ်းပြမိတော့မည့်ဆဲဆဲမှာပင် သူက သူမကိုကျော်လွန်ပြီး အနောက်ဘက်ကိုလှမ်းကြည့်ရင်း လက်လှမ်းပြနေတာမို့ သူမလည်းအနောက်ကိုလှမ်းကြည့်လိုက်မသည်။ သူမထက်ပင် အရပ်ရှည်ပြီး ရေလှိုင်းပုံစံ ငွေရောင်ဆံနွယ်တွေကို ponytailပုံစံချည်ထားတဲ့ အမျိုးသမီးတစ်ယောက်။ မော်ဒယ်လ်ဖြစ်တဲ့သူမထက်ပင် ထိုအမျိုးသမီးက လူအများကြားထင်ရှားပြီး လင်းလက်နေသည်။ မျက်နှာပုံစံကလည်း ထက်မြက်တဲ့ပုံပေါ်နေပြီး အထက်တန်းလွှာထဲကမှန်းတန်းသိနိုင်သည်။ ထိုအမျိုးသမီးကလည်း အနန္တကိုလက်ပြန်ပြနေသည်။
တော်သေးတာပေါ့ သူမသာ လက်ပြဖို့တုန့်ဆိုင်းမနေရင် အရှက်ကွဲတော့မလို့။ အချစ်ပန်းလည်း ခေါင်းပေါ်လှန်တင်ထားတဲ့နေကာမျက်မှန်ကို ပြန်ချပြီးတပ်လိုက်ရင်း အနန္တကို မျက်လုံးထောင့်ကပ်ပြီးကြည့်လိုက်လေ၏။ ထိုလူကတော့ သူမကိုလေ လို့ပင်မှတ်သလားမသိ မျက်လုံးတချက်ပင်ရောက်မလာပေ။ မိန်းမတယောက်ရဲ့မာနကြောင့်လား၊ ထိုလူက တခြားမိန်းမကိုပန်စည်းပေးပြီးကြိုဆိုနေသည်ကြောင့်လားမသိ ရင်ထဲမှာ အောင့်သက်သက်ဖြစ်ရပြီး အနည်ငယ်တော့ ဝမးနည်းမိသည်မှာတော့ အမှန်ပင်။ ထိုလူ သူမကိုမဆက်သွယ်သည့်အချိန်အတွင်း ပျော်ရွှင်ရသလို တဖက်မှာလည်း ဘာကြောင့်မှန်းမသိ သတိရမိနေတတ်သည်။ သူမ ထိုလူအပေါ်ခံစားချက်တွေရှိနေပြီလား တွေးမိတော့ ထိတ်လန့်သွားရပြန်သည်။ ထိုလူက မစားကောင်းသည့်အသီး။ စာချုပ်ထဲမှာကိုက ခံစားချက်တွေမရှိကြဖို့သဘောတူထားပြီးသားဖြစ်သည့်အပြင် သူမကိုယ်တိုင်လည်း စည်းတခုခြားထားခဲ့တာမဟုတ်လား။ ယခုခံစားချက်ကလည်း ထိုလူက သူမအတွက်ပထမဆုံး ရင်းရင်းနှီးနှီးဆက်ဆံခဲ့ရသည့်လူတစ်ဦးဖြစ်သည့်အတွက်ကြောင့်သာ ဖြစ်လိမ့်မယ်။ ဒီလို သူမကို စပွန်ဆာပေးထားသည့်သူ့ဆီက ခံစားချက်ရှိလာဖို့က လုံးဝမဖြစ်နိုင်သည့်ကိစ္စ ပြီးတော့ လေဆိပ်မှာသူကိုယ်တိုင်တောင် လာကြိုပေးသည့် လှပထက်မြက်သည့်မိန်းကလေးက သူ့အတွက် အထူးမိန်းကလေးဖြစ်မည်မှာသေချာသည်။
" လာဗန်ဒါ လာဗန်ဒါ"
မန်နေဂျာက သူမနာမည်ကို ခပ်ကျယ်ကျယ်ခေါ်လိုက်သည့်အသံကြားမှ သူမသတိထားမိတော့သည်။
"ရှင်"
"ဖုန်းလာနေတာ ကြာပြီ ကိုင်လိုက်ဦး"
ကြည့်ပါဦး ဟိုလူအကြောင်းတွေးမိနေတာနဲ့ ဖုန်းသံတောင်မကြားမိတော့။ ဖုန်းကောလ်ကိုကြည့်လိုက်တော့ မမတို့ဆေးရုံကမို့ မမတခုခုဖြစ်နေတာလားလို့ စိုးရိမ်စိတ်ဖြင့် ဖုန်းကိုကိုင်လိုက်သည်။
" ဟလို"
"...................."
" ဟုတ်ပါတယ်"
"...................."
"ရှင် တကယ် တကယ်လား"
"........................"
" ဟုတ်ကဲ့ ကျမ မြန်မြန်လာခဲ့ပါမယ်ရှင် ဟုတ်ကဲ့ပါ"
အချစ်ပန်းအတွက် အပျော်ရွှင်ဆုံး၊ စိတ်လှုပ်ရှားရဆုံးနေ့လိုဆိုရင် ဒီနေ့လိုမျိုးဖြစ်မည်ထင်သည်။ ကံကောင်းထောက်မစွာဖြင့် မမအတွက် နှလုံးအလှူရှင်တစ်ယောက်ပေါ်လာသည်။ ဒါကို လူနာရှင်အနေဖြင့် ခွဲစိတ်ဖို့ကိစ္စတွေသဘောတူဖို့ လက်မှတ်ထိုးရမည်ဖို့ ဖုန်းခေါ်ဆိုခြင်းဖြစ်သည်တဲ့။ အချစ်ပန်းပျော်လွန်းပြီး ဘေးက ထိုင်နေတဲ့ မန်နေဂျာကို ဆွဲဖက်ပြီး
" မမ အတွက် နှလုံးအလှူရှင်ရှိပြီတဲ့"
လေဆိပ်ကနေ တန်းပြီး ဆေးရုံကိုပဲ လာကြိုသည့်ကားကိုမောင်းခိုင်းလေသည်။
နှလုံးခွဲစိတ်အထူးကုဖြင့် တွေ့ဆုံပြီး အထူးကုဆရာဝန်မှ ခွဲစိတ်ရာမှာ ၁၀၀ ရာခိုင်နှုန်းပြန်ကောင်းလာဖို့မသေချာကြောင်း နဲ့ မခွဲစိတ်ခင်ပြင်ဆင်ရမည့်အချက်တွေ ခွဲစိတ်ပြီး ဂရုစိုက်ရမည့်အခြေအနေတွေကို ရှင်းပြပေးသည်။
"အခု နှလုံးအလှူရှင်က DBD doner (Donation after Brain Death) ဖြစ်တယ်။ ခွဲစိတ်ဖို့ကိစ္စကိုတော့ အသင့်တော်ဆုံးအချိန်ဖြစ်ဖို့စီစဉ်ထားပါတယ်။ ကျနော်တို့လဲ လူနာအမြန်ပြန်ကောင်းလာဖို့ ဆုတောင်းပေးပါတယ်"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာ"
ဆေးရုံကအပြန်မှာတော့ သူမတွေးလာသည်က ပိုက်ဆံပိုရှာဖို့။ မမအတွက် မခွဲစိတ်ခင်ပင် ဆေးစစ်ဆန်းသပ်ချက်တွေလုပ်ရဦးမှာဆိုတော့ ပိုက်ဆံပိုကုန်ဦးမည်။ ပြီးရင် ခွဲစိတ်ပြီးရင်လည်း လူကောင်းတယောက်လိုဖြစ်ဖို့ ဆေးကုသရဦးမည်။ ပိုက်ဆံအကြောင်းစဉ်းစားလိုက်ရင် အနန္တ က သူမခေါင်းထဲရောက်လာလေ၏။ ထိုလူက သူမအတွက်တော့ ဘဏ်တခုလိုဖြစ်နေလေပြီ။ မော်ဒယ်လ်တစ်ယောက်အနေနဲ့ ကြော်ြငါခတွေက သူမအကုန်ချည်းရတာမဟုတ်။ မော်ဒယ်လ်အတွက်စာချုပ်အရ တချို့လုပ်ငန်းတွေက အေဂျင်စီရဲ့စီးပွားဖက်တွေအတွက်က အလကားလုပ်ပေးရတာမျိုးရှိသည်။ သူမဝင်ငွေက မော်ဒယ်လ်ထက် ဟိုလူနဲ့စာချုပ်ချုပ်ထားတဲ့ကိစ္စကပိုပြီး ငွေပမာဏအများကြီးရသည်။ အစီအစဉ်ဆွဲရသည် သူမရုပ်ရှင်ကားတခုခုမှာ ပါဝင်ရရင်တော့ တိုက်ခန်းတခုလောက်ဝယ်နိုင်လောက်မည်ထင်သည်။ ဟိုလူနဲ့စာချုပ်ထဲမှာ ရုပ်ရှင်တခု ရိုက်ဖို့အခွင့်အရေးပေးထားသည်မို့ ကံစမ်းရမည်လေ။ သူမ ရုပ်ရှင်မှာ အောင်မြင်သွားရင် အနာဂတ်ကပိုပြီးတောက်ပလာဖို့ပဲရှိသည်မလား။
"နင့်ကိုကြည့်ရတာ ငါပြန်လာလို့ ပျော်ရွှင်နေတဲ့ပုံမပေါက်ပါဘူး"

လေပြေညှင်းလေးတိုးဝှေ့ခဲ့သော အချစ်ပန်းWhere stories live. Discover now