အလောတကြီး ပြန်ရောက်လာသည့်ကျွန်တော်က သူကားတံခါးဖွင့်အပေးတောင် မစောင့်ပဲ ကိုယ်တိုင်ဆွဲဖွင့်လိုက်ကာ ကားတံခါးကိုလည်း ဝုန်းခနဲ အသံမြည်တဲ့အထိ အရှိန်နဲ့ပိတ်လိုက်တာကြောင့် သူကအလန့်တကြားကြည့်နေသည်။
"ဘာဖြစ်လာတာလဲ"
သူမေးနေတာ မဖြေနိုင်သလို သူနဲ့မျက်နှာချင်းဆိုင်ဖို့ မဝံ့ရဲပါ။ သူနှင့်အခုလိုအတူတူရှိနေခြင်းမှာ ကျွန်တော်စိတ်တွေ တည်ငြိမ်မှုမရှိတော့။ မောပမ်းလာသည့်အခြေအနေကြောင့် စိတ်ကိုသာအမြန်ဆုံးတည်ငြိမ်အောင်ထိန်းပြီး အသက်ကိုခပ်ပြင်းပြင်းရှူထုတ်လိုက်သည်။ ဘေးနားကနေ သူက တစ်ချိန်လုံး ကျွန်တော့်ကို စိတ်ပူစွာကြည့်နေတာ သိနေပေမဲ့ အခုချိန် သူ့ရှေ့မှာပိတ်မိနေတဲ့ ကျွန်တော့်ကိုယ်ကျွန်တော်သာ ပိုသနားမိနေသည်။
"အိမ်ပဲ မြန်မြန်ပို့ပေး"
လိုရင်းတိုရှင်းစကားတစ်ခွန်းတောင် ကျွန်တော်ခက်ခက်ခဲခဲနဲ့ အားယူပြီးပြောလိုက်ရသည်။ တစ်လမ်းလုံး တိတ်ဆိတ်စွာ လိုက်လာသည့် ကျွန်တော့်ကို အလိုက်သိလွန်းသည့်သူက နောက်ထပ် ဘာစကားတစ်ခွန်းမှမဆိုတော့။
အိမ်ပြန်ရောက်တာနဲ့ ကားတံခါးကို မြန်မြန်ဆွဲဖွင့်ပြီး ကျွန်တော့်အခန်းဆီသာ အမြန်နှုန်းဖြင့် ပြေးတော့သည်။ အခန်းတံခါးကိုလော့ချလိုက်ပြီး အိပ်ရာပေါ်ပစ်လှဲလိုက်သည်။ သူ့ရှေ့မှာ မကျမိအောင်ထိန်းထားသည့် မျက်ရည်တို့က အခုမှပါးပြင်ပေါ်ဒလဟောစီးကျလို့။ ထိုမျက်ရည်တို့ကို လက်ဖြင့်ခပ်ကြမ်းကြမ်းဆွဲသုတ်လိုက်ပြီး ဘာဆက်လုပ်ရမလဲ အတွေးတွေနဲ့သာ လူကရူးချင်ချင်ဖြစ်လာတော့သည်။
ဒက်ဒီပြန်ရောက်လာတဲ့ ညနေအထိ အခန်းတံခါးပိတ်ပြီး ကျွန်တော် တစ်ယောက်တည်း အချိန်ဖြုန်းလိုက်သည်။ အချိန်တွေက ဘယ်လိုကုန်ဆုံးသွားမှန်းတောင် မသိတော့။
"ဘေဘီ... ဘာမစားရသေးဘူးဆို... ထမင်းလာစားပါဦး... နေမကောင်းလို့လား... တစ်ခုခုဆိုလည်း ဒက်ဒီကိုပြောပြ...ဒက်ဒီနားထောင်ပေးမယ်"
ဒက်ဒီအသံကြားရမှ ကျွန်တော်ပို၍ ငိုချင်လာသည်။ ဒက်ဒီက ဒီလောက်အထိ ကျွန်တော့်အတွက်တွေးပေးတာတောင် ကျွန်တော်ကနည်းနည်းလေးမှ ပြန်ကောင်းပေးရမှန်း မသိတတ်ဘူးပဲ။
YOU ARE READING
Missing Someone
Fanfictionအသံတိတ်ငိုကြွေးခြင်းတို့သည် နှလုံးသား၏ နာကျင်မှုရပ်ဝန်းမှမြစ်ဖျားခံ၏။