(Unicode)
အားလုံးအကြည့်မှာ ဒုမောဟန်ဆီသို့ ရောက်လာသည်။ ဒုမောဟန် လက်သီးစုပ်ကာ
"ငါမသိဘူး။ ငါသာ သိရင် ဒီကိုလာပါ့မလား"အားလုံးလဲ မျက်နှာပျက်သွားကာ တချို့ဆို ငိုချင်သွားကြသည်။ မိုရ်ရှင်း တံတွေးမြိုချပြီး ရှင်းခန့်နား သွားရပ်လိုက်သည်။ ရှင်းခန့်က မိုရ်ရှင်း ဆံပင်ကို သပ်ပေးလိုက်သည်။
မိုရ်ရှင်းရဲ့ စိုးရိမ်းစိတ်မှာ လုံးဝ ယူပစ်သလိုပျောက်သွားသည်။ ရှင်းခန့်ရှိသည်ဆိုသည့် အသိနဲ့တင် စိတ်လုံခြုံသွားတာက အမြဲလိုလိုပင်။ပါမောက္ခတွေမှာ အပိုစကားမဆိုဘဲ mask တပ်လိုက်ကာ စလှုပ်ရှားကြတော့သည်။ အခုချိန်မှာ တစ်မိနစ်က တစ်မိနစ် အရေးကြီးသည်။ တတိယသုတ် ဆေးပညာရှင်တွေဆိုပြီး ရှိမလာနိုင်ဖို့အရေး..၊ သူတို့ဆက်ရှင်သန်နိုင်ဖို့အရေး...။
ကျောင်းသားတွေလဲ ကိုယ်စီကိုယ်စီ ပါမောက္ခတွေအနား အသီးသီးရောက်သွားကာ မှတ်တမ်းတင်ခြင်း၊ စာရင်းပြုစုခြင်းနှင့် လိုအပ်တာတွေ အတွက် ပြေးလွှားနေရပြီ။ ဘယ်သူမှ အပိုစကားအတွက် အချိန်ကုန်မခံတော့။
"ဆရာ၊ ရှေ့အသုတ်က လူတွေ စမ်းသပ်ချက်အရ ဒီရောဂါ ကူးစက်ခံရပြီးတဲ့သူက အအေးအရမ်းကြောက်တယ်ပြောတယ်။ ရေမထိ မကိုင်ရဲဘူး။ အမြဲ အနွေးဓာတ်လိုက်ရှာနေတတ်တယ်လို့ ပြောထားတယ်။ အအေးကြောက်တဲ့ ရောဂါပိုးဖြစ်ဖို့များတယ်။ "
"ဟုတ်တယ် ၊ ဒါပေမယ့် အဲတစ်ချက်ကလွဲ ကျန်တဲ့ အသုံးဝင်တာ ဘာမှ ရှာမတွေ့ကြဘူး။ ကဲ အလောင်းအသားစ ယူခဲ့။ ဓာတ်ခွဲခန်းပို့ပြီး အသားစအဖြေရှာကြတာပေါ့"
မိုရ်ရှင်းတို့ ဖက်ကလဲ သူတို့ပါလာတဲ့ ဆေးပင်ဆေးမြစ်များကို ဓာတ်ခွဲကာ အသားစပေါ် ဆေးထိုးဆေးလိမ်းခြင်းဖြင့် သူ့နည်းနှင့်သူ အားလုံးက လိုက်ဖက်ညီစွာ အလုပ်လုပ်သွားပြီး အစာစားချိန်တောင် မနားဖြစ်ကြရာ ဓာတုဘုဏ်းမင်းတို့ကပဲ အစားစာကို ဓာတ်ခွဲခန်းထဲထိ သယ်ပို့ပေးရသည်။
ဘယ်လောက်ပဲ ကြိုးစားခဲ့ပါစေ သူတို့အဖြေကို မရှာနိုင်ခဲ့။
အချိန်တွေ တရွေ့ရွေ့ ကုန်လာသည်နှင့်အမျှ ပါမောက္ခတွေဟာလဲ မျက်မှောင်ကြုံလာကာ မျက်နှာပျက်လာကြသည်။ မိုရ်ရှင်းတို့ဆိုသည်မှာလဲ အနားယူဖို့ မပြောနဲ့ စားသောက်ဖို့တောင် အနိုင်နိုင်။