ညိုသွေးမှာဘူးခွံများကိုရောင်း၍ရလာသည့် ပိုက်ဆံငါးထောင်ကိုကိုင်လျက် ခုန်ပေါက်နေခြင်းဖြစ်ရာ Clayman မှာနားဘေးမှလိုက်ပါလာ၏။ တစ်နေရာအရောက်တွင်တော့ ညိုသွေး၏ခြေလှမ်းတို့မှာ ရပ်တန့်သွားကာ လမ်းဘေးဘက်၌ရှိနေသည့် အုတ်ခုံပေါ်၌ဝင်ထိုင်လိုက်သည်။
ထို့နောက်တွင်တော့ ဘေးဘက်နေရာကိုလက်ဖြင့်သန့်ရှင်းလိုက်ကာ Clayman ကိုလှည့်ကြည့်ပြီးနောက် အသာပုတ်ပြလာ၏။ Clayman မှာလည်း ထိုနေရာ၌ဝင်ထိုင်လိုက်ခြင်းဖြစ်ရာ မြင်နေရသည့်မြင်ကွင်းမှာလွန်စွာမှပင်လှပလျက်ရှိ၏။
အပေါ်စီးမှဖြစ်သောကြောင့်အောက်ဘက်၌ရှိနေသည့် အိမ်များစွာနှင့်အတူ အနောက်ဘက်၌လည်း တောင်တန်းများက အလှဆင်လျက်ရှိ၏။ မြင်နေရသည့်ရှုခင်းအား ငေးကြည့်နေသူမှာ အနက်ရောင်ဆံပင်အကောက်တို့ကို ခပ်အုပ်အုပ်ချထားခြင်းဖြစ်ရာ မျက်ခုံးထူထူနှင့် ရှည်လျားသည့်မျက်တောင်တို့ကိုပင် ပိုင်ဆိုင်ထားသေးသည်။
ရှည်လျားလွန်းလှသည့် မျက်တောင်တို့အောက်၌မြင်တွေ့နေရသည့် ရွှေအိုရောင်မျက်ဆံတို့မှာ လွန်စွာမှပင်ထင်ပေါ်လျက်ရှိ၏။ ဖြူဖွေးသည့်အသားအရေနှင့် ဝတ်ကောင်းစားလှတို့ကို ဝတ်ဆင်ထားသူက လွန်စွာမှကြည့်ကောင်းလျက်ရှိကာ ရွှေနန်းတော်အတွင်းမှမင်းသားလေးနှင့်ပင် ဆင်တူ၏။
ထိုသူကိုငေးကြည့်နေမိရင်း ညိုသွေး၏ရင်ဘတ်တစ်နေရာမှ အောင့်သက်သက်ခံစားချက်မျိုးကို ခံစားလိုက်ရသည်။ အသက်အရွယ်မတိမ်းမယိမ်းဖြစ်သော်ငြား ထိုသူနှင့် သူ၏ဘဝမှာလွန်စွာမှပင်ခြားနားလျက်ရှိ၏။ သူသာ ထိုကဲ့သို့သော မိသားစု၌မွေးဖွားခဲ့ပါလျှင်..
ညိုသွေး၏အတွေးတို့က ရှုခင်းကိုငေးကြည့်နေရင်း ရုတ်တရက်ထပြုံးလိုက်သည့် Clayman ၏အမူအယာကြောင့် ပြတ်တောက်သွားရသည်။ Clayman မှာသဘောတကျနှင့် နှစ်နှစ်ခြိုက်ပြုံးပြီးသည့်နောက် ညိုသွေးကိုလှည့်ကြည့်လာခြင်းဖြစ်ရာ အကြည့်ခြင်းဆုံသွားတော့၏။
" ကျေးဇူးပါ.. "
Clayman ၏စကားကြောင့် ညိုသွေး၏မျက်နှာမှာချက်ချင်းဆိုသလိုပင် ရှုံ့မဲ့သွားတော့၏။ ထိုသည်ကိုကြည့်၍ အပြုံးမပျက်သူက Clayman ဖြစ်ကာ ညိုသွေးမှာပင် ထိုအခိုက်ကိုပြန်သတိရ၍ အားပါးတရရယ်လိုက်မိ၏။
![Sharman [ COMPLETE ]](https://img.wattpad.com/cover/365284302-64-k632194.jpg)