ပုံပြင်-၃

2.5K 284 5
                                        

သူ Kai ဆိုတဲ့ ကောင်လေး အိမ်မှာ ရောက်နေတာ ၂ပတ်လောက်ရှိပြီဆိုပေမဲ့ သူ ပြန်သတိရလာတာက ၄ရက်သာ ရှိသေးသည်...။

ဒဏ်ရာက သက်သာနေပြီ ဆိုသော်လည်း ခေါင်းက မကြာခဏ ကိုက်နေသေးတာကြောင့် Kai က သူ့ကို အပြင်မထွက်ခိုင်းပေ။ လှုပ်လှုပ်ရှားရှားလည်း မလုပ်ခိုင်းပေ။ စားဖို့သောက်ဖို့ကိုလည်း အခန်းထဲထိ ယူလာပေးသည်။ ခေါင်းက ဒဏ်ရာဆေးထည့်တာ ဆေးသောက်တာလဲ အားလုံးလုပ်ပေးသည်။

Kai ဆိုတဲ့ ကောင်လေးသည် တော်တော်ကို သဘောထားဖြူစင်သော ကောင်လေးတစ်ယောက် ဖြစ်သည်။ Kai သာမက သူ့အဖေကလည်း သဘောကောင်းသူဖြစ်သည်။ သူ့အကြောင်းဘာမှမသိပဲ အိမ်ပေါ်ကြည်ကြည်ဖြူဖြူ ခေါ်တင်ထားတာပဲကြည့်လေ...။

အိမ်မှာ သူရယ် သူ့အဖေရယ် Mongu ပဲရှိကြောင်း အမေကတော့ သူ့ကိုမွေးပြီးတည်းကဆုံးပါးသွားကြောင်း သူ့အဖေက ရွာက ရွာလူကြီးဖြစ်ကြောင်း Kai ကပြောပြထားလို့ သူသိနေသည်။

Mongu.....အဲ့နာမည်ကို Kai ကတော်တော်ပြောသည်။ သူ့အထင်တော့ Kai ရဲ့ခွေးလေး ဖြစ်လောက်သည်။ ဘာလို့လဲဆိုတော့ တစ်ခါတစ်ခါ ခွေးဟောင်သံကို ကြားရ၍ဖြစ်သည်။

Kai ရဲ့ အဖေကိုတော့ သူ တစ်ခါမြင်ဖူးသည်။ တစ်ရက် Kai မအား၍ သူ့အစား ထမင်းလာပို့ပေးသောကြောင့်ဖြစ်သည်။

Kai သည် သူ့အဖေနဲ့လုံးဝမတူ....ကြည့်ရတာ အမေနဲ့တူဟန်တူသည်။

Kai ကား ကျောလယ်လောက်ထိရှိတဲ့ ငွေမှင်ရောင်ဆံနွယ် မျက်ဝန်းညို ကြည်ကြည် လှလှလေးတွေ နဲ့
နှုတ်​ခမ်းဖူးဖူးလေးတစ်စုံ ကို ပိုင်ဆိုင်ထားသည်။ သူ့ရဲ့ ငွေရောင် ဆံနွယ်အချို့တစ်ဝက်ကို ဖဲကြိုးလေးနဲ့နောက်မှာ သိမ်းစည်းထားကာ ကျောပေါ်ချထားပြီး နဖူးပေါ်မှာလည်း ဆံစအချို့က ယိမ်းနွဲ့  နေသေးသည်။ ယောင်္ကျားလေးတစ်ယောက်ကို ချစ်စရာကောင်းတယ်လို့ မပြောသင့်လားမသိပေမဲ့ သူကတော့ Kai ကို ၁၆နှစ်အရွယ် ကောင်လေးတစ်ယောက်အတွက် သိပ်ကိုချစ်စရာကောင်းလွန်းသည်လို့ ပြောချင်သည်။

ဒါ့အပြင် Kai သည် မျက်နှာလေးက ချစ်ဖို့ကောင်းသလောက် စကားကို ကရားရေလွှတ်တတွတ်တွတ်ပြောတတ်သော ကောင်လေးလည်း ဖြစ်သည်။ အားလျှင် သူ့အနားလာကာ အဝတ်တွေချုပ်ရင်း စကားတွေလာပြောနေတတ်သည်။ သူပြောသည့်အထဲမှာ သူ့အကြောင်း သူ့အဖေအကြောင်း Monguအကြောင်း သူ့သူငယ်ချင်းတွေအကြောင်း ရွာထဲကလူတွေအကြောင်း အစုံပါသည်။ သူကတော့ အဲ့လို စကားများတာလေးကိုက Kaiကို ပိုလို့ ချစ်ဖို့ကောင်းစေသည်ဟု မှတ်ယူထားသည်။ ပြီးတော့ Kai စကားပြောနေတာကို နားထောင်ရတာ သူ သဘောကျသည်။ Kai ရဲ့အသံက သူရဲ့ အပူအပင်တွေအားလုံးကို မေ့ပျောက်သွားစေသလို.....သူရင်ထဲ အေးချမ်းမှုတွေ ယူဆောင်လာသည်လို့ သူထင်မိ၏။ Kai သာ ရှိနေမယ်ဆို သူ့အတိတ်ကို ပြန်မသတိမရတော့လည်း ကိစ္စမရှိလို့ တွေးမိသည်။

 ဒဏ္ဍာရီ Where stories live. Discover now