နှစ် ၂၀ ခန့်ကြာပြီးနောက်
*****************နှစ်တွေ အလီလီ ပြောင်းလာတာနဲ့အညီ ဂင်အိမ်တော်၏ အရှိန်အဝါတို့မှာ ပိုမိုထွန်းတောက်လာခဲ့သည်။ နန်းတော်ကြီးသဖွယ် ခမ်းနားလှသည့် အိမ်ကြီးမှာ ရှေးဆန်သည့် အငွေ့အသက်တွေ တချို့တလေကိန်းဝပ်နေသလို ခေတ်နဲ့အညီ ပြင်ဆင်မွမ်းမံထားတာကြောင့် တစ်မျိုးတစ်မည် အမြင်ဆန်းသစ်နေ၏။ အိမ်တော်အတွင်းရှိ အလုပ်သမားတို့မှာ အလုပ်ကိုယ်စီ ရှူပ်နေကြလျက်။
"ပန်းအိုးတွေ အလှဆင်ပြီးပြီလား"
"မေ့နေတာ ... မြက်တွေရိတ်ရဦးမှာပဲ"
"ဒုက္ခပါပဲ ဧည့်သည်တွေလာတော့မယ် အခုထိ အချိုပွဲအတွက် အသီးတွေသွားဝယ်တာ ပြန်မလာကြသေးဘူး"
အလုပ်သမားအားလုံး ကိုယ်စီညည်းညူလျက် ပျာယာခတ်နေကြ၏။ အကြောင်းမှာ ဂင်အိမ်တော်၏ သခင်လေး Kai နှင့် ပတ်အိမ်တော်၏ သခင်မလေး Soojin တို့ စေ့စပ်ကြောင်းလှမ်းခြင်းအတွက် နှစ်ဖက်မိသားစု တွေ့ဆုံပွဲ ရှိလို့ပင်ဖြစ်သည်။စီးပွားရေးလောကမှာဆိုလည်း ထိပ်တန်းလုပ်ငန်းစုတွေနဲ့ ရင်ဘောင်တန်းနိုင်သည့် ဂင်လုပ်ငန်းစု။ ရှယ်ရာများမှာလည်း စီးပွားရေးဈေးကွက်ထဲ တစ်ဟုန်ထိုးဈေးတွေ ဆက်တိုက်မြင့်တက်နေကာ ရင်းနှီးမြုပ်နှံလိုသူများနှင့် သားရေးသမီးရေး ညှိနှိုင်းလိုသူတို့မှာတောင်လိုပုံနေလျက်ရှိသည်။ထိုလုပ်ငန်းစုများထဲမှာ ဂင်အိမ်တော်လိုပင် နန်းတွင်းနွယ်ဖွားများဖြစ်သည့် ပတ်အိမ်တော်၏ သမီးငယ်နှင့် သားငယ် Kaiက မေတ္တာမျှနေကြသည်ဆို၍ သခင်မကြီး ကျေနပ်ပီတိဖြစ်ရသည်။တော်တန်ရုံ အသိုင်းအ၀ိုင်းမဟုတ်သလို လုပ်ငန်းပိုင်းဆိုင်ရာမှာလည်း ဂင်လုပ်ငန်းစုလို ပြည်တွင်းအောင်မြင်ရုံသာမက ပြည်ပနဲ့ပင် ချိတ်ဆက်လုပ်ကိုင်နိုင်သည့် Company တွေ တည်ထောင်ထားသည့် ပတ်အိမ်တော်ရဲ့ သမီးကို သူမ၏သားနဲ့ အိမ်ထောင်ချပေးရမှာ ပြန်မရနိုင်သည့် ကံကောင်းခြင်းလို့ သူမယူဆနေ၏။ တစ်ဖက်မှာလည်း အခုချိန်ထိ လူတွေရှေ့ တစ်ခါမှ သားဆိုပြီး ထုတ်မပြခဲ့ဖူးသည့် Jongin အတွက် စိတ်လေးသွားရပြန်သည်။ ကျန်းမာရေးအခြေအနေကြောင့် Jongin ဦးစီးလုပ်ကိုင်ရမည့် လုပ်ငန်းတွေကို Kaiက ကိုယ်စား လုပ်ဆောင်ပေးနေရသလို သားနှစ်ယောက်ရှိသည်ဆိုတာလည်း သိသူမရှိသလောက်ရှားပါးလှသည်။ ဂင်အိမ်တော်လို့ ပြောလိုက်တာနဲ့ အသိအပေါင်းအသင်းတွေကလွဲရင် လူအများစုက Jonginကို မသိကြပဲ Kai ကို သာသိကြသည်။ အရင်လို Jonginသာ အကောင်းပကတိဖြစ်လာခဲ့ရင်လည်း Jonginကို Soojinလို အသိုင်းအ၀ိုင်းကြီးက ပေါက်ဖွားလာသည့် မိန်းကလေးတစ်ယောက်နဲ့ တွေ့စေချင်မိသည်မှာ သခင်မကြီး နေ့စဉ်ရင်မအေးဖြစ်နေရသည့် ဆန္ဒတစ်ခုသာဖြစ်လေသည်။
YOU ARE READING
Paradise
Fanfic* မင်းသားတစ်ပါးအဖြစ် မွေးဖွားမလာရင် ကိုယ့်အရည်အချင်းနဲ့ကိုယ် ဘုရင်ဖြစ်အောင်လုပ်ရမယ် *