ep-6

4K 352 15
                                    

Zawgyi

စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်များသည် အအိပ်မက်သော မင်းပြည့်သျှန်အတွက် ဘုရားပေးသည့် ဆုလာဒ်ပင်ဖြစ်သည်။ စောစောထရခြင်း အလုပ်များကို မင်းပြည့်သျှန်မုန်းပါသည်။ ထို့ကြောင့် နေ့ရက်တိုင်း စနေ တနင်္ဂနွေ သာလျှင် ဖြစ်စေချင်သည်။

ခိုက်ခိုက်တုန်အောင် ချမ်းသော ကလောဆောင်းကို အံတုပြီး စောင်ပုံထဲ နှပ်နေရသည်ကိုက အရသာရှိလှသည်။ နံနက်ခင်းရောင်ခြည်သည် နှင်းထုများကြားမှ ထိုးခွင်ကာ မှန်ချပ်ကြီးများကို ဖြတ်လျက် သူ့မျက်နှာပေါ်သို့ ကျဆင်းနေသော်လည်း မင်းပြည့်သျှန် မထချင်သေး။ နွေးထွေးသော နေရောင်ခြည်ကပင် သူ့အား ပို၍ အနွေးဓာတ်ပေးနေလေသည်။

// မနက်ဖြန် ဧည့်သည်တွေကို guide လုပ်ပေးဖို့ရှိတယ်။ မင်း လိုက်ခဲ့ချင်လား //

စောင်ပုံထဲ ထပ်ခွေရန် တွေးနေစဉ် မနေ့က နေမိုးသား၏ ဖိတ်ခေါ်သံကို ကြားယောင်ပြီး ငေါက်ခနဲ ထထိုင်မိသည်။ နေမိုးသားသည် ယခုလို ကျောင်းပိတ်ရက်များတွင် သူ့ကျောင်းစရိတ်အတွက် တဖက်တလှမ်းမှ မြို့လေးကို လည်ပတ်သော ခရီးသွားများအတွက် guide သဘောမျိုး ပြုလုပ်ခြင်းဖြင့် ဝင်ငွေရှာလေသည်။

မနေ့က ဘာစိတ်ကူးပေါက်သည် မသိ။ အရင်က သူ လိုက်ချင်ပါတယ်ဟု ပူဆာသော်လည်း အလုပ်ရှုပ်တယ် ဟူသောအကြောင်းပြချက်ဖြင့် ငြင်းဆန်နေသော နေမိုးသားသည် မနက်ဖြန် သူ guide လုပ်သွားမည်ဖြစ်သဖြင့် လိုက်ချင်လျှင် လိုက်နိုင်ကြောင်း ခေါ်လာလေသည်။ သူကလည်း လိုက်ချင်လျက်စက်စက်ယိုနေသည်ကြောင့် နှစ်ခါ မခေါ်ပဲ ခေါင်းငြိမ့်လိုက်သည်။

စောင်ထူထူကို ကုတင်အောက်သို့ ခြေထောက်ဖြင့် ကန်ချလိုက်ပြီး လက်ယာဘက်တွင် ရှိသော စာကြည့်စားပွဲမှ နာရီကို လှမ်းကြည့်လိုက်သည်။

၇ နာရီ ရှိလေပြီ။

ဧည့်သည်များတည်းခိုရာသို့ ၈ နာရီအရောက် သွားရမည်ဖြစ်သောကြောင့် အိမ်မှ ၇ ခွဲ ထွက်မည်ဟု နေမိုးသားက ပြောထားသည်။

မင်းပြည့်သျှန် အိပ်ယာမှ ဝရုန်းသုံးကားထကာ မနက်ခင်းကိစ္စတို့ကို ပြုလုပ်ပြီးနောက် အခန်းထဲမှ ကပျာကယာ ထွက်လာတော့ ဧည့်ခန်းတွင် ထိုင်နေသော ကြီးတော်နှစ်ယောက်က အံဘွယ်တစ်ခုကို တွေ့သလို အကြောင်သား ငေးကြည့်နေသည်။ ဟုတ်သည်လေ။ မင်းပြည့်သျှန်ဆိုသည်မှာ နေဖင်ထိုးချိန် မကလို့ နေလုံးကြီး ဝင်သွားရင်တောင် အိပ်ယာမှ ထရိုးထုံးစံမရှိတာ။ မနက် ၇ နာရီသည် မင်းပြည့်သျှန်တို့ တရေးနိုးသည် အချိန်သာဖြစ်သည်။

နွယ်Donde viven las historias. Descúbrelo ahora