ကျွန်တော့်ကမ္ဘာကျဉ်းကျဉ်းလေးမှာ
ကမ္ဘာတစ်ဖက်အခြမ်းကမှောင်အတိပါ
တန်ဖိုးကြီးစွာ ဖြာကျလာတဲ့
မှိန်ပျပျအလင်းရောင်ကို ထာဝစဉ်မမှိတ်သွားစေချင်ခဲ့ဘူး
အစက်အပြောက်သေးသေးလေးစာဖြစ်ဖြစ် အလင်းရောင်ရနေချင်တယ်.. အနည်းဆုံးတော့ ကျွန်တော် ကမ္ဘာမြေပေါ်ဆက်လက်ရှင်သန်ခြင်းမှာ ပျော်ရွှင်စေဖို့ ခပ်ရေးရေးမျှော်လင့်ချက်မျိုးထားလို့ရမယ်ပေါ့...ကျွန်တော့်မှာ လူမသိသူမသိပြိုလဲခြင်းတွေရှိတယ်...
တိုးတိုးတိတ်တိတ်ငိုရှိုက်သံတွေရှိတယ်...
မစတင်ရသေးခင်အရှုံးပေးချင်တာမျိုးရှိတယ်
စစ်မရောက်ခင်မြှားကုန်ချင်တဲ့စိတ်အခြေနေတွေရှိတယ်
ငါလုပ်နိုင်မှာပါ ငါအဆင်ပြေပါတယ်ဆိုပြီး
အားတင်းထားတဲ့တစ်ဖက်အခြမ်းမှာ
သေလောက်အောင်ပြိုလဲနေတာတွေ ဘယ်သူမှမမြင်စေချင်ခဲ့ဘူး... ခင်ဗျားကြောင့်သာမဟုတ်ရင် ကျွန်တော့်ရဲ့ပြိုလဲခြင်းအကြောင်းတွေ စကားလုံးတွေနဲ့ ချပြဖို့ဆိုတာ သိပ်မနှစ်မြို့တဲ့မလုပ်ချင်ဆုံးအရာပါ...ကျွန်တော့်မှာဆုံးရှုံးခဲ့ရတာတွေသိပ်များတယ်
ထပ်ပြီးအဆုံးရှုံးမခံနိုင်လို့ ဘာကိုမှမပိုင်ဆိုင်ချင်ရဲတော့တဲ့စိတ်က ဆိုက်ကိုထထဖောက်တယ်.. ချမပြချင်ပေမယ့် ရိုးသားစွာဝန်ခံပါတယ်...ကျွန်တော်ဆုံးရှုံးခြင်းဒဏ်တွေခံနိင်ရည်နည်းနည်းမှကိုမရှိတာ.. ဒါကြောင့်လည်း အရာအားလုံးကိုလိုချင်တပ်မက်စိတ်တွေအစတည်းကမရိုက်သွင်းခဲ့တာ...မရိုက်သွင်းခဲ့လို့သာပဲ.. ဒါတောင်တင့်တိမ်ရောင့်ရဲနိုင်ခြင်းဆိုတာ ခင်ဗျားနဲ့ပတ်သက်လာရင် ရာနှုန်းသိပ်နည်းသွားတယ်..
လူပဲလေ လောဘရှိတာပေါ့... ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လာရင်ပိုလို့တောင်လောဘတက်မိပါရဲ့.. ရောင့်ရဲတင်းတိမ်နိုင်တဲ့စိတ်ဆိုတာ သိပ်ကိုခမ်းနားလွန်းပါတယ်.. လက်တွေ့မှာကျင့်ကြံအားထုတ်ဖို့ဆိုတာ ပြောသလောက်မလွယ်ကူခဲ့ဘူး..အချစ်မတတ်တာမဟုတ်ဘူး ဒီလူဟာအချစ်ငတ်ခဲ့လို့...
မဆိုစလောက်ကြင်နာခံရရင် မလွတ်တမ်းဖမ်းဆုပ်ထားချင်တဲ့မဝံ့မရဲခင်တွယ်မှုတွေ... အပြောမတတ်ပေမယ့် ကျွန်တော်သိပ်ချစ်တတ်ပါတယ်... ကျွန်တော်တွယ်တာတဲ့သူတွေအပေါ် ချစ်ကြောင်းခင်ကြောင်တဖွဖွမပြောပေမယ့် သူတို့ပြိုလဲချိန်တိုင်း ကျွန်တော်ဟာမြက်တစ်ပင်လို ယုံကြည်စွာဆွဲထားခြင်းခံရချင်တယ်..
အသုံးဝင်ချင်တာပေါ့ ကျွန်တော်လူပိုတစ်ယောက်မဖြစ်ချင်ဘူး..
လိုအပ်ချက်တွေနဲ့မပြည့်မီသေးပေမယ့် တစ်ချိန်တော့ကျွန်တော့်ရဲ့ဖြစ်တည်မှုဟာ ကျွန်တော့်ပတ်ဝန်းကျင်ကလူတွေအတွက်အသုံးဝင်ကောင်းပါရဲ့...
ESTÁS LEYENDO
ချစ်သော... Yatu Shin Depar
De Todoချစ်ခြင်းတရားက ချစ်နေရခြင်းမှာ ပျော်မွေ့ဖို့ပဲလိုတာပါ.. ။