(Zawgyi)
ပြီးပြည့်စုံသော အစွမ်းသတ္တိပိုင်ရှင် ဂေးလ်ဂမက်ရှ်သည် ဥရုတိုင်းအတွင်းဝယ် သူနှင့် လက်ရည်တူ ယှဉ်ပြိုင်နိုင်မည့်သူကို ရှာဖွေ၍ အစွမ်းချင်းယှဉ်ပြိုင်လို၏။
"ငါဘုရင်မြတ်ကို ရင်ဆိုင်နိုင်မည့်သူကို အကောင်းတကာ့ အကောင်းဆုံး ဆုတော်ကို ချီးမြှင့်တော်မူမည်"
မည်သို့ပင် မြှောက်စားမည်ဟု ဆိုစေကာမူ တစ်စုံတစ်ဦးမျှ ပေါ်ပေါက်မလာချေ …။
ဂေးလ်ဂမက်ရှ်ဘဝသည် ပျင်းရိစရာကောင်းလာတော့သည်။ အပျင်းစိတ်ကို ဖြေဖျောက်ရန် အမျိုးသမီးများကို အသုံးချ၏။
သို့သော်လည်း သူ၏ အာသီသကို မပြည့်ဝစေနိုင်။ သူ တကယ် လိုလားတပ်မက်နေသည်က သူနှင့် လက်ရည်တူ ယှဉ်ပြိုင်နိုင်မည့်သူ …။
နှစ်ကာလတွေ ကြာလာသည်အထိ ရှာဖွေတွေ့ရှိခြင်း မရှိသည့်အခါ ဂေးလ်ဂမက်ရှ်သည် အပျင်းပြေစိမ့်ရန် မှူးမတ်စစ်သည်ဗိုလ်ပါများမှ မိမိနှစ်ခြိုက်ရာလူကို ရွေးချယ်၍ သူနှင့် ယှဉ်ခိုင်းသည်။ အသက်သေသည်အထိ ပြိုင်ဆိုင်စေသည်။
ဇီဝိန်ကြွေကျရသူများမှာ သူ၏ စစ်သည်များပင် ဖြစ်တော့၏။ လူသတ်တမ်းဆော့ကစားလို့ ကျေနပ်သည့်အခါ ချောမောလှပသည့် မိန်းမအပေါင်းတို့ကို ဆင့်ခေါ်၍ သူ၏ တခြားလိုလားချက်ကို ဖြေဖျောက်ပြန်သည်။
ဂေးလ်ဂမက်ရှ်သည် တစ်နေ့တစ်ခြား ရက်စက်လာတတ်၏။ ဤသို့ ရက်စက်သည်ဟုဆိုသော်ငြား သူ၏ ဥရုတိုင်းသည် ဂုဏ်အရှိန်အဝါဖြင့် တခမ်းတနား ရပ်တည်နေဆဲမို့ မင်းညစ်မင်းညံ့လို့ ခေါ်တွင်၍ မရသည်မှာ အမှန်တရားပင် …။
တစ်နေ့သောအခါ၌မူ ဂေးလ်ဂမက်ရှ်သည် အပျင်းဖြေစိမ့်သောငှာ မြို့တော်အလယ်တွင် လူသတ်ကစားပွဲတစ်ခု ကျင်းပပြန်သည်။
သူ၏ နှုတ်မှခေါ်ထုတ်လိုက်သော နာမည်ပိုင်ရှင်သည် မည်သူဖြစ်မည်နည်း။ သေချာသည်က ထိုနာမည်ပိုင်ရှင်၏ နေဝင်ချိန်သည် ယနေ့ပင်ဖြစ်သည်။
ဂေးလ်ဂမက်ရှ်က သူ၏ စစ်သည်များကို ပတ်၍ ကြည့်ရှုလျက် စိတ်တိုင်းကျမည့်သူကို ရွေးချယ်ရန် ဟန်ပြင်နေလေ၏။
YOU ARE READING
Kolasis Aionios (အနန္တအပြစ်ဒဏ်)
Historical Fictionငါဘုရင်မြတ်ရဲ့မောက်မာမှုကို ချိုးနှိမ်ချင်လို့ နတ်ဘုရားအပေါင်းက မောင်မင်းကို ဖန်တီးပေးသတဲ့ ... ဘာကြောင့်များ ငါဘုရင်မြတ်ရဲ့ မောက်မာမှု မကျိုးပဲ့ခင်မှာ မောင်မင်း ကွယ်ပျောက်သွားရသလဲ ... နတ်ဘုရားတွေကို မေးခွန်းထုတ်တော့ သူတို့က ပြန်ဖြေတယ် ... ငါဘုရင်မြတ်...