(Zawgyi)
"အမောင် … အစ်ရှ်ထာဆီ အလည်လာပါဦးလားဟင်"
ဂေးလ်ဂမက်ရှ်၏ ဥယျာဉ်တော်အတွင်းမှ စံအိမ်တစ်ခု၌ စစ်နတ်သမီး အစ်ရှ်ထာ အလည်အပတ်ရောက်ရှိနေ၏။ သူမလို နတ်ဘုရားတစ်ပါးက ဤလူသားဘုရင်ထံ အလည်လာရခြင်းကိုသာ ကောင်းကင်ဘုံမှ အခြားနတ်ဘုရားများသိလျှင် ဟာသဖြစ်ချေတော့မည်။ သူမ၏ ဗိမ္မာန်သို့ လာလည်ပတ်ရန် အမျိုးမျိုးခေါ်ဆောင်သော်ငြား ဂေးလ်ဂမက်ရှ်က တစ်ခေါက်တစ်လေမျှ လက်သင့်မခံခဲ့ …
"ငါဘုရင်မြတ် မအားလပ်ဘူး .. ဤရွံ့စေးမြေက ဖြစ်တည်တဲ့သတ္တဝါကို ဘယ်လိုစီမံရမလဲ ခေါင်းရှုပ်နေလေရဲ့"
"စစ်တလင်းမှာတင် ကွပ်မျက်ခဲ့ပေါ့ အမောင်ရယ် … ဘာကြောင့်များ မိစ္ဆာယောင်ယောင် နတ်ဘုရားယောင်ယောင်သတ္တဝါကို မွေးမြူထားမှာလဲ"
အစ်ရှ်ထာက ထိုသို့ပြောသည့်အခါ ဂေးလ်ဂမက်ရှ်က တဟားဟားအော်ရယ်လေ၏။
"ဟားဟားဟား!!! ငါဘုရင်မြတ်က ကတိပြုထားမိလေရဲ့ … ငါနိုင်ခဲ့ရင် ထိုသတ္တဝါဟာ ငါဘုရင်မြတ်ရဲ့အသုံးတော်ခံ ဖြစ်စေရမယ်တဲ့လေ ဟားဟား"
"ရန်သူကို အနီးကပ်ထား၍ မယုံကြည့်သင့်ပါ … အမောင်တစ်ခုခု ဖြစ်သွားရင်ဖြင့် …"
အစ်ရှ်ထာက မယုံကြည် မရှု့စိမ့်သည့်လေသံဟန်ဟန်နှင့် ပြောဆိုသည်။ သို့ထိတိုင် ဂေးလ်ဂမက်ရှ်က ပေါ့ပြက်ပြက်ပင် … သူသစ္စာတည်ကြည်သကဲ့သို့ အားန်ခီဒုဟူသည့် သတ္တဝါသည်လည်း သစ္စာစောင့်ထိန်းမည်ဟု တစ်ထစ်ချယုံကြည်ပုံရလေ၏။
"ဒါကတော့ စစ်နတ်သမီး စိတ်မပူလေနဲ့ … ငါဘုရင်မြတ်ကို သင်း မထိခိုက်ဝံ့ဘူး … သတ္တိကောင်းလွန်းလို့ ထိခိုက်အောင်ပြုရင်ဖြင့် ကောင်းကင်ဘုံက သူ့မိခင်နတ်ဘုရားမ အပြစ်ပေးလိမ့်မပေါ့"
ဖျောင်းဖျ၍ မရသည့်အဆုံးဝယ် အစ်ရှ်ထာသည် ဥယျာဉ်စံအိမ်မှ ထွက်ခွာလာခဲ့သည်။ စိတ်ထဲတွင်လည်း မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲ၍ ခေါင်းမာလွန်သူ ဂေးလ်ဂမက်ရှ်ကို အခဲမကြေဖြစ်လေ၏။
'စောင့်ကြည့်နေလိုက်ပါ အမောင် … အစ်ရှ်ထာကို ငြင်းပယ်ရဲတဲ့ ယောက်ျားသားဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး … အမောင်လည်း အစ်ရှ်ထာထံ ပြိုကျလာစေရမယ်'
YOU ARE READING
Kolasis Aionios (အနန္တအပြစ်ဒဏ်)
Historical Fictionငါဘုရင်မြတ်ရဲ့မောက်မာမှုကို ချိုးနှိမ်ချင်လို့ နတ်ဘုရားအပေါင်းက မောင်မင်းကို ဖန်တီးပေးသတဲ့ ... ဘာကြောင့်များ ငါဘုရင်မြတ်ရဲ့ မောက်မာမှု မကျိုးပဲ့ခင်မှာ မောင်မင်း ကွယ်ပျောက်သွားရသလဲ ... နတ်ဘုရားတွေကို မေးခွန်းထုတ်တော့ သူတို့က ပြန်ဖြေတယ် ... ငါဘုရင်မြတ်...