(Unicode)
ဖုန်းနံပါတ်စာရွက်လေးကိုကိုင်ကာ ဆက်ရန်ဆိုင်းပြင်းလိုက်၊ မဆက်ရဲဘူးဆိုပြီး ဒီတိုင်းလေးစားပွဲပေါ်မှာ ပြန်ချထားလိုက်ဖြင့် ဆိုရီ အလုပ်ရှုပ်နေမိသည်။ ဆက်ရမယ့်အကြောင်းပြချက်ကလည်း မယ်မယ်ရရမှမရှိတာ။ သူမဘက်က ကလေးတစ်ယောက်ကို အတင်းလိုက်ကပ်သလိုဖြစ်မှာလည်း စိုးမိသည်လေ။ အဲ့ဒါ ဒီနေ့မှမဟုတ်... သူဖုန်းနံပါတ် စပေးခဲ့ပြီးပြီးချင်းနေ့ကတည်းက အဲ့ဒီစာရွက်တစ်ရွက်နဲ့လူက ယောင်နနဖြစ်နေခဲ့တာ နှစ်ရက်ရှိပြီ။ ဖုန်းနံပါတ်ကို ဖုန်းထဲမှာ မှတ်ပြီးတာကိုတောင် လက်ကမချနိုင်ဖြစ်နေတာကလည်း စွဲလမ်းမှုကြီးလိုပဲ။ စာရွက်ပိုင်းလေးကို ပျောက်မှာစိုးလို့ဆိုပြီး ပိုက်ဆံအိတ်ထဲက အကန့်လေးတစ်ခုထဲမှာ တယုတယထည့်လိုက်၊ ပြီးရင် ငါးမိနစ်တစ်ခါလောက် သူ့လက်ရေးလေးကို ထုတ်ထုတ်ကြည့်မိနေတော့လည်းအခက်။
"Sunbaenim... အထဲမှာရှိလား..."
မျှော်လင့်နေသည့်အချိန်တည့်တည့်ရောက်လာသည့် သူ့ကြောင့် အိပ်ယာပေါ်တွင်ထိုင်နေစဉ် သူမ လန့်သွားမိသည်။ သူ့အကြောင်းထိုင်စဉ်းစားနေတုန်းကွက်တိ သူကရောက်လာတယ်ဆိုတော့ လူမိတယ်လို့ပဲပြောရမလိုလို။ လှဲအိပ်ထားသောကြောင့် ဆံပင်တွေက အနည်းငယ်ကပိုကရိုတော့ဖြစ်နေသော်လည်း ရုပ်ပျက်ဆင်းပျက်တော့မနိုင်သေး။ တံခါးထမဖွင့်ခင် မှန်ကိုအရင်ကြည့်လိုက်မိသည်။ ခေါင်းတော့မဖီးသော်လည်း ဆံပင်ကိုလက်နဲ့သပ်ကာ ပုံကျအောင်နည်းနည်းပြင်လိုက်ရင်း တံခါးဆီသို့ ဟိုတစ်ရက်ကလို ခုန်ဆွခုန်ဆွမဟုတ်တော့သော်လည်း ထော့နဲ့ထော့နဲ့ဖြင့် သွားလိုက်မိသည်။ တံခါးဖွင့်လိုက်သည်နှင့် အပြုံးချိုချိုလေးဖြင့် ဆီးကြိုနေသည့်သူ။
"ဒီနေ့ကျောင်းမတက်ဘူးမလား... ခြေထောက်ရော အခြေအနေ?""သက်သာပါတယ်... ထောက်လို့တော့ရသွားပြီ"
"သြော်... မုန့်ဝယ်လာလို့လာပေးတာ"
ကျောင်းကအပြန် မုန့်ဝယ်ပြီးလာပေးပုံရသည်။ သူ့လက်ထဲရှိအထုတ်လေးအား ကမ်းပေးသောကြောင့် ဆိုရီ ယူလိုက်ရင်း ဘာဆက်ပြောရမည်မသိတော့။ သူမ သဘောကျနေမိတော့ ပိုဆိုးသည်လေ။ ပြန်သွားမည်ကိုလည်း လက်မခံနိုင်။ နှစ်ယောက်လုံး ဘာစကားမှမပြောဘဲ အိုးတိုးအမ်းတမ်းဖြင့် တံခါးဝတွင် ကြောင်စီစီလေးရပ်နေကြသည်။
"Umm... ဆန်းဘေး..."