(Unicode)
"တစ်ရက်လေးပဲရှိသေးတယ် အကြိုအပို့အတွက် လူစားတောင်ထိုးပြီးသွားပြီပေါ့လေ Noonaက"
ခပ်စိမ်းစိမ်းအကြည့်များကြားမှ ငေါ့တီးငေါ့တော့ပြောလာသည့် ဂျီမင်၏စကားကို တုံ့ပြန်ရန် ဆိုရီ ခေါင်းထဲစကားလုံးများကို အပြေးအလွှားစီနေရသည်။ စကားတစ်ခွန်းတည်းနှင့် ခြေဖျားလက်ဖျားတွေကအစ အေးစက်လာသည်ကတော့ မဖြစ်သင့်။ မဖြစ်သင့်ဆိုပြီး တကယ်တမ်း လူက ဘာသံမှထွက်မလာပြန်။
ငါ ဘာပြန်ပြောရမလဲဘာပြန်ပြောရမလဲ
ဘာပြန်ပြောလိုက်ရမလဲ!!!!!
မိမိ ဦးနှောက်မှအဖြေထွက်မလာသေးခင်မှာဘဲ တလှမ်းလှမ်းချင်းတိုးလာသည့် ဂျီမင်၏ခြေလှမ်းတို့။ ကနဦးတည်ရှိနေခဲ့သည့် စူးရဲသောအကြည့်တို့ပျောက်ဆုံးသွားသော်လည်း နူးညံ့ခြင်းတို့တော့ ပြန်ရောက်မလာသေး။ သို့သော် မြင်နေကျပုံစံနှင့်ဆန့်ကျင်ဖက်ဖြစ်သည့် ဂျီမင်၏ ယခုပုံစံကို သူမ သဘောကျသည်။ ပြင်းရှနေသည့်အသက်ရှူသံ၊ အတန်ငယ်နီစပ်စပ်ဖြစ်နေသည့် မျက်နှာပြင်၊ သဘာဝအတိုင်းနီထွေးနေသည့်နှုတ်ခမ်းဖူးလေး...။ ဂျီမင်နှင့်ပတ်သက်လာလျှင် ဦးနှောက်ကပါ ပုံမှန်အလုပ်မလုပ်ချင်တော့။ ယခုလည်း သူ့မေးခွန်းအားဖြေဆိုခြင်းထက် မြတ်နိုးရပါသော သူ၏အစိတ်အပိုင်းတစ်ခုချင်းစီကို ခွဲခြမ်းစိပ်ဖြာနေမိသည်။
"မေးနေတာကို မဖြေဘဲ... ဘာလို့ ကျွန်တော့ကို အဲ့လောက်ကြည့်နေတာလဲ"
ပုံမှန်ကဲ့သို့ ချိုမြနေခြင်းမရှိသော်လည်း ခပ်ရှရှဖြင့် သူမ၏အကြည့်တို့ကို သဘောကျဟန်စွက်သောလေသံကြောင့် သတိလက်လွတ်ငေးနေမိရာမှ ဆိုရီ ချက်ခြင်းအကြည့်လွှဲလိုက်မိသည်။ သူမနဖူးပေါ်မှ ဆံစတို့အား သပ်တင်ပေးလာသည့် လက်ချောင်းတို့။ ထို့နောက် ငုံ့ထားမိသည့်မျက်နှာကို ဆွဲယူမော့လိုက်သည့် သူ ။ပြုံးစစမျက်နှာပေးဖြင့် အနားသို့ ထပ်တိုးကပ်လာရင်း နဖူးချင်းထိလာသည်။ လက်တစ်ဖက်က သူမ ပါးကိုအုပ်ကိုင်ထားကာ ကျန်တစ်ဖက်က ခါးကိုဖက်ထားသည်။ သူမ၏အဖြေကို ကြားပြီးလျှင် နောက်ဆက်တွဲဇာတ်လမ်းမှာ မည်ကဲ့သို့ဆက်လာမည်မှန်း ကြိုသိလောက်သည့် အသင့်အနေအထားမျိုး။