💙13💙

2.4K 178 80
                                    

(Unicode)



ရင်ထဲ လှိုက်ဖိုနေသည့်အရှိန်လေးဖြင့် အိမ်ရှေ့ထိုင်ခုံတွင် ဆိုရီ ငြိမ်ငြိမ်လေးထိုင်နေမိသည်။ လုံခြုံမှု၊ နွေးထွေးမှု၊ ကြင်နာမှု... အစရှိသည့် သူမ တောင့်တခဲ့သမျှ အရာအားလုံးကို တောင်းဆိုစရာမလိုဘဲ ရရှိနေသည်မှာ အရင်အခြေအနေနှင့် နှိုင်းယှဉ်လိုက်လျှင် စိတ်ကျေနပ်စရာကောင်းလွန်းလှသည်။ နောက်ဆုံးအဆင့်အနေဖြင့် ကျန်သည်မှာ သူမဘက် တစ်ဆင့်တိုးဆုံးဖြတ်ချက်ချလိုက်ရုံသာ...။ ဆိုရီ နှုတ်ခမ်းအစွန်းနှစ်ဖက် လှုပ်သည်ဆိုရုံလေး ပြုံးလိုက်မိသည်။ ဟိုဆော့ကို အခွင့်အရေးပေးခဲ့ခြင်းအတွက်လည်း ကိုယ့်ကိုယ်ကို ကျေနပ်သည်။



Ting Tong... Ting Tong... Ting Tong...



သုံးချက်ဆက်တိုက် အလောတကြီးထွက်ပေါ်လာသည့် ခေါင်းလောင်းသံကြောင့် သူမ ကျိတ်ရယ်လိုက်မိသည်။ ဟိုဆော့ တစ်ခုခုပြောစရာ ဒါမှမဟုတ် လက်ဆောင် တစ်ခုခုပေးဖို့ ကျန်ခဲ့ခြင်းများလားဟု တွေးလိုက်ရင်း တံခါးဆီ ခပ်မြူးမြူးထသွားလိုက်မိ​၏။


"ဟိုဆော့ ဘာပြောဦးမလို့လဲ"


တံခါးကို ဖွင့်ရင်း ပြောလိုက်သော်လည်း တံခါးနောက်ကွယ်တွင် ရှိနေခဲ့သူက သူမ ထင်ထားသည့်သူ မဟုတ်ခဲ့။ အံ့ဩမင်သက်ခြင်းပေါင်းများစွာဖြင့် တံခါးလက်ကိုင်ကို တင်းနေအောင် ဆုပ်ထားမိလိုက်သည်။ နွမ်းလျနေသည့် မျက်နှာလေးနဲ့ သူမကိုပဲ ဘာစကားမှ မပြောဘဲ မမှိတ်မသုန်စိုက်ကြည့်နေတဲ့ ကောင်လေး... ။ သူမကလည်း ဘာစကားမှ ဆက်ပြောလို့မရလောက်အောင်ပင် ဆွံ့အနေခဲ့သည်။


"ကျွန်တော့ကို... ခွင့်လွှတ်ပေးလို့ မရဘူးလား"


သူ့ထံမှ ပထမဆုံးကြားလိုက်ရသည့်စကားကြောင့် သူမရင်ထဲ စူးနေအောင် အောင့်သွားရသည်။ ဒီအချိန်မှ ပြန်လာတော့ရော သူမ ခံစားရတာတွေက ပျောက်သွားမှာမို့လို့လား... ဂရုမစိုက်ခဲ့တာတွေ၊ သစ္စာဖောက်တာတွေ၊ လှည့်စားခဲ့တာတွေ... အကုန် လွင့်ပျောက်သွားမှာမို့လို့လား... ။ သူ ပြန်လာသည်ကို လှိုက်လှဲစွာကြိုဆိုခြင်းထက် နာကျည်းချက်တို့သာ ပြည့်လျှံထွက်လာသည်။

ဆုံနေမိသည့်အကြည့်ကို လွှဲလိုက်ရင်း တံခါးကို ပြန်ပိတ်ရန် ကြံလိုက်မိသည်။ သို့သော် ဂျီမင်က တံခါးဘောင်ကို လက်နဲ့ခံပြီး ပိတ်လို့မရအောင် ဆွဲထားသည်။


"Noona..."


တစ်ချိန်​က အမြဲကြားချင်ခဲ့တဲ့ သူ့ရဲ့ခေါ်သံချိုချိုက နားထဲ ခါးသက်စွာ ဝင်လာသည်။ နာကျည်းနေသည့်စိတ်အလျင်ကြောင့် သူ့ကို မြင်လည်းမမြင်ချင်၊ အသံလည်း မကြားချင်။ နှလုံးသားရဲ့အတွင်းထောင့်ဆုံးတစ်နေရာလေးကတော့ သူ့ကို ပြန်မြင်လိုက်ရလို့ ကျေနပ်မိနေတာ အမှန်။


"အဲ့လို မလုပ်ပါနဲ့... စကားလေး ခဏလောက်ပဲ ပြောရအောင်... နော်။ ခဏလေးပဲလေ... ကျွန်တော် တောင်းဆိုတာပါ"


အတင်းကြိုးစားပိတ်နေသော တံခါးဘောင်ကို သိပ်မပြင်းသည့်အားဖြင့် ဆွဲထားရင်း ဂျီမင် သူမအား တော်တော်လေးကို ခခယယပြောနေမိသည်။ သူမ​၏ အသည်းတံခါးသည်လည်း ထိုကဲ့သို့များ သူနဲ့ပတ်သက်တဲ့ ခံစားချက်မှန်သမျှကို တံခါးပိတ်ချလိုက်ဖို့ ကြိုးစားနေခဲ့ပြီလား... အတွေးနဲ့တင် ဂျီမင် ဝမ်းနည်းသွားမိသည်။ အဆုံးစွန်ထိများ နောက်ကျခဲ့ပြီလားဟူသည့် အတွေးမျိုးလည်း ဝင်ရောက်လာသည်။ ဒါဆို သူ ဒီနေရာအထိ ရောက်အောင်လာခဲ့တာ ဘာအကျိုးများရှိသေးလို့လဲ... အမြဲလိုလို နွေးနွေးထွေးထွေးကြိုဆိုတတ်ခဲ့တဲ့ နေရာတစ်ခုက ရောက်လာတာကိုတောင် မနှစ်မြို့တဲ့အရိပ်အယောင်တွေ ပြနေတာ... ဂျီမင် တံခါးဘောင်ကိုပင် ဆက်ဆွဲထားဖို့ အားတို့ မရှိတော့သလို ခံစားရသည်။


"တကယ် ထားသွားတော့မှာလား..."


တံခါးဘောင်ကို ဆွဲထားသည့်လက်ကို လွှတ်လိုက်ကာ ခေါင်းငိုက်စိုက်ချပြီး မေးမိလိုက်တော့သည်။ သူ့အသံသည် တော်တော်ကိုတိုးလျနေသည်။ ဝမ်းနည်းယူကြုံးမရခြင်းတို့ ပြည့်လျှံနေသည်။ ဆိုရီ့ကို အကြည့်ချင်းလည်း မဆုံရဲတော့။ တံခါးကိုလည်း သူမ ပိတ်လိုက ပိတ်သွားပါစေတော့ဟူသောစိတ်ဖြင့် လွှတ်ပေးလိုက်ပြီး ဖြစ်သည်။ တံခါးပိတ်သံသည်သာ သူ့မေးခွန်းရဲ့အဖြေဖြစ်လာမလား... သူမရဲ့အသံကိုပဲ ကြားလာရမလား...

The Illusion Of LoveМесто, где живут истории. Откройте их для себя