💙11💙

1.6K 202 40
                                    

(Unicode)

ကိုယ့်အနားမှာ သူ ဆက်ရှိဦးမလား၊ မရှိနိုင်တော့ဘူးလားဆိုသည်ကို မဆုံးဖြတ်ရဲဖြစ်နေသည့် ဦးနှောက်ကို ဘယ်လိုအနားပေးရမည် သူမ မသိ။ ယောင်ချာချာနှင့်ပဲ တစ်ရက်ပြီး တစ်ရက်ကို အားတင်းကျော်ဖြတ်နေရသည်။ စိတ်ကူးတွေထဲကအတိုင်းဆို နေ့ရက်တိုင်းကို သူနဲ့ပဲ အတူရှိ၊ အတူဖြတ်သန်းချင်တယ်ဆိုတာမျိုးပဲ ဖြစ်ချင်တာပေါ့... ဒါပေမယ့်


ဒါပေမယ့်...


အတွေးတို့ကို ရှေ့ဆက်မတိုးရဲတော့သောအခါ ဆိုရီ ကိုယ့်ကိုယ်ကို အားမလိုအားမရကျိန်ဆဲမိသည်။ ရင်ဘတ်ထဲတွင် ဟင်းလင်းပြင်ကြီးဖြစ်နေသည်မှအပ ကျန်သည့်ခံစားချက်တို့ ရှိမနေသည်ကတော့ သေချာသည်။ မျှော်လင့်ချက်တို့ ရိုက်ချိုးခံလိုက်ရသည်ဟူသည့် အခြေအနေမျိုးလည်း မဟုတ်ပြန်။ သူမအနေနဲ့ မမျှော်လင့်ရဲခဲ့တာလည်း ကြာပြီမလား... ။

လှဲနေရာမှ တစ်ဖက်သို့ စောင်းလိုက်စဉ် အလိုအလျောက် စီးကျသွားသည့် မျက်ရည်စက်တို့။ ငိုချင်သည်... သို့သော် ကိုယ့်ကိုယ်ကို ရှိုက်ကြီးတငင် ငိုကြွေးခွင့်မပေးမိ။ ကျလာရန် တာစူနေသည့်မျက်ရည်တို့ကို ထိန်းချုပ်လို့ရသလောက် ထိန်းထားသည်။ ခံပြင်းသည်လည်း မဟုတ်၊ ဖြစ်ပျက်သွားသည့်အကြောင်းခြင်းရာတို့ကို လက်သင့်ခံ၍ မရသေးခြင်းသာ။


သူ လုပ်ရက်သည်။

ကိုယ် ဘာများမှားခဲ့လို့လဲ... ?

သူ ရက်စက်သည်။

ကိုယ် ဘာတွေများ မဖြည့်ဆည်းပေးနိုင်ခဲ့လို့လဲ...?


သူ မရှိဘဲ ကိုယ်ကတော့ မနေတတ်ပေမယ့် ကိုယ် မရှိဘဲ သူပျော်နိုင်မှာကလည်း ကျိန်းသေနေပြန်သည်။ အခုချိန်မှာ အပြည့်ချင်ဆုံးဆုတောင်းမှာ သူ နေနိုင်သလို ကိုယ်လည်း နေနိုင်ချင်မိသည်ဟူသည့် ဆုတစ်ခုတည်းသာ ရှိသည်။ တစ်ဦးတည်းသောသူ့ကို မေ့နိုင်ဖို့၊ ဘာဖို့ထက် အခုချိန်မှာ သူ မရှိတဲ့အနေအထားတစ်ခုကို အကောင်းဆုံးဖြတ်ကျော်ရင်း အဆင်ပြေပြေ နေနိုင်ဖို့တစ်ခုတည်းကိုပဲ တောင့်တနေမိတာကိုး... ။ သူ့အရှေ့ကနေ ပြတ်ပြတ်သားသားလှည့်ထွက်လာနိုင်ခြင်းကိုပင် အောင်နိုင်မှုတစ်ခုဟု မယူဆနိုင်သေး။ အချိန်မရွေး သူ့ရှေ့ ဒူးသွားထောက်ချင်နေမိသည့် ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နေရတာ အလုပ်တစ်ခု။

The Illusion Of LoveTahanan ng mga kuwento. Tumuklas ngayon