(Unicode)
ခြေလှမ်းတို့သည် မြေပြင်၏အထိအတွေ့ကို ရတစ်ချက်၊ မရတစ်ချက် ။ အာရုံတို့က အသိနှင့်မကပ်ငြိနိုင်လောက်အောင် လွင့်ပျံနေသည်။ ဦးတည်ရာအား လမ်းပြခေါ်ဆောင်ပေးနေသည့်သူသာ မရှိခဲ့လျှင် သူမ ခြေဦးတည့်ရာပင် သွားနိုင်ဖို့မသေချာ။ ရင်ထဲတွင်သာမက ဦးနှောက်ထဲတွင်ပါ ဟင်းလင်းပြင်ကြီး ဖြစ်နေသည်။ ဖေးကူမပေးနေသည့် လက်တစ်စုံသာမရှိလျှင် အရုပ်ကြိုးပြတ်လဲကျသွားနိုင်သည့် အနေအထား ။
"Umm... ဆိုရီ?""..."
"ဆိုရီ..."
ပုခုံးကို ညင်ညင်သာသာကိုင်တွယ်လှုပ်ရမ်းလိုက်သည့် အသံပိုင်ရှင်ကြောင့် လူက အသိစိတ်ဒက်ခနဲပြန်ဝင်လာသည်။ မိမိအား လက်တွေ့ကမ္ဘာထဲသို့ ပြန်လည်ပို့ဆောင်ပေးသူမှာ ဟိုဆော့။ သူ့လက်တစ်ဖက်က သူမလက်အား ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ကျန်လက်တစ်ဖက်မှာ သူမပုခုံးထက်သို့ ခပ်ဖွဖွသာတင်ထားသည်။ ပတ်ဝန်းကျင်ကို လေ့လာကြည့်မိတော့ သူမတို့အဆောင်ဘေး။ ဂျီမင်၏ရန်ပွဲကို မြင်ခဲ့ပြီးသည့်နောက် စိတ်နှင့်လူနှင့် မည်မျှကင်းကွာခဲ့သလဲဆို အဆောင်နား မည်သို့မည်ပုံရောက်လာမှန်းပင် မသိလိုက်သလို အသိပြန်ဝင်လာချိန်တွင်လည်း သတိမေ့ရာမှ ပြန်နိုးထလာမိသည့်လူအလား မိနစ်ပိုင်းတွင်ဖြစ်ခဲ့သမျှကို ဦးနှောက်က မနည်းစဉ်းစားဆက်စပ်နေရသည်။
"ဆိုရီ အဆောင်ထဲ ဝင်မှာလား""ဟင်...? အင်း... ဝင်ရမှာပေါ့၊ break timeတောင် ပြီးပြီထင်တယ်။ လူရှင်းနေတယ်"
"ဒီလို ကိုယ်နဲ့ လက်တွဲပြီးတော့လား"
တောက်လျှောက် ဟိုဆော့က သူမလက်ကို ကိုင်ထားတယ်ပဲ ထင်နေခဲ့တာ...။ ဟိုဆော့ ပြောမှ သတိထားမိလိုက်သည်မှာ သူက ဆိုရီ့လက်ကို ဆုပ်ကိုင်ထားခြင်းမဟုတ်ဘဲ သူမကသာ ဟိုဆော့လက်ချောင်းလေးများကို ကလေးတစ်ယောက်အလား ဖမ်းဆုပ်ထားခြင်းဖြစ်နေသည်။ စိတ်နှင့်လူနှင့် မကပ်သောကြောင့် အားတင်းပြီး လမ်းလျှောက်နေရသည့်အချိန်တွင် သူ့လက်ကို သူမက ပြန်ပြီး အားကိုးတကြီးကိုင်ဆွဲခဲ့ပုံရသည်။ မလုံမလဲဖြစ်ကာ ဖြုတ်ချရန်ကြိုးစားလိုက်ခါမှ တစ်ဖန် ပြန်ယှက်နွယ်လာသည့် သူ့လက်ချောင်းတို့။
"တကယ်ဆို အဆောင်ထဲတန်းဝင်မလို့ပဲ... ဒါပေမယ့် ကိုယ်တို့က လက်ချင်းချိတ်ပြီး ဝင်လို့ရတဲ့အနေအထားမှ မဟုတ်သေးတာ၊ ပြီးတော့ ဆိုရီက ကိုယ့်လက်ကို ကိုင်ထားတာဆိုတော့ ကိုယ်ကလည်း ဒီလက်လေးကို ဘယ်စဖြုတ်ရက်မလဲ..."
ဆိုရီ သူမ လက်ချောင်းတို့ကို ယှက်ထားသည့် သူ့လက်ချောင်းတို့အား ငုံ့ကြည့်နေမိသည်။ သူမ ရုန်းထွက်ဖို့ မကြိုးစားမိ။ သူ့လက်ဖျားတို့သည် နွေးနေသည်။ သူ့မျက်နှာအား မော့ကြည့်မိလိုက်စဉ် ကြည်လင်သည့် သူ့မျက်ဝန်းတို့နှင့် တည့်တည့်ဆုံသည်။
"ဘာလို့... အဲ့လောက်ထိ ကောင်းပေးနေရတာလဲ... ဆိုရီ့ကို"
သူမ အားမလိုအားမရဖြင့် မေးလိုက်မိသည်။ တကယ်ဆို သူမသည် သူ့အား လျစ်လျူရှုဖို့အထိ ဆုံးဖြတ်သွားနိုင်သည့်လူတစ်ယောက်မှန်း ဟိုဆော့ မသိဘဲတော့မနေလောက်။ သို့သော်လည်း သိသိကြီးဖြင့် သူမအနားတွင် ထိုမျှ အလိုက်တသိ ရှိနေပေးဖို့ကျပြန်တော့လည်း...
"ရှင်းပါတယ်... ကိုယ် သဘောကျတဲ့မိန်းကလေး ဖြစ်နေလို့ပေါ့"
စကားလုံးတွေလည်း မတူသလို အပြုအမူတွေကလည်း ကွာတယ်... ။ ချစ်တယ်လို့ တဖွဖွပြောနေတဲ့လူတစ်ယောက်က ကိုယ့်ကို လုံးလုံးလျားလျားဂရုမစိုက်တဲ့အချိန်မှာ တခြားတစ်ယောက်က သဘောကျတယ်ဆိုတာလေးတစ်ခုတည်းနဲ့ ကိုယ့်အနားမှာ အရိပ်လို ရှိပေးနေတယ်။
"ဆိုရီ့မှာ တခြားစိတ်ညစ်စရာတွေရှိနေရင်တောင် ကိုယ့်ကြောင့် နည်းနည်းလေးဖြစ်ဖြစ်တော့ စိတ်ပေါ့နေစေချင်တယ်လေ..."
သူ့လက်တစ်ဖက်က သူမ၏နဖူးထက်မှ ဆံစတို့ကို သပ်ပေးနေသည်။ ထို့နောက် သူမ၏ပါးပေါ်သို့ အုပ်ကိုင်လာ၏။ သို့သော်လည်း သူမနှင့် အကြည့်ချင်းဆုံထားရုံအပြင် ဘာမှရှေ့ဆက်မတိုးလာခဲ့။